DVB Logo
Home
မြန်မာသတင်း
နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
DVB
·
June 26, 2023
နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ပင်လယ်ကမ်းစပ်အနီးရှိ နှစ်ကရင်ရဲစခန်းကို ဇွန် ၂၅ ရက် မနက် ၁၁ နာရီ မိနစ် ၄၀ လောက်မှာ KNLA တပ်ရင်း (၂၇) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂ နာရီကျော်လောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ရန်သူ့စခန်းကို အနီးကပ်ခြေမှုန်းဖို့ ဆောင်ရွက်စဉ် စစ်ကေင်စီက Mi 35P ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မြေပြင်က PDF တပ်မှူးတဦးက ပြောပါတယ်။

“စခန်းက ရန်သူ့လှုပ်ရှားစစ်ကြောင်း ခဏနားနေတဲ့နေရာပါ။ သတင်းရလို့ ရန်သူတွေကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်တော့ များနိုင်ပါတယ်။ စခန်းတွင်း အနီးကပ်ခြေမှုန်းဖို့ လုပ်နေချိန်မှာပဲ Mi-35 P ရဟတ်ယာဉ်ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်တာ၊ ပွိုင့် ၅ နဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်၊။”  

တိုက်ပွဲဟာ မနက် ၁၁ နာရီ ၄၀ မိနစ်လောက်ကနေ နေ့လယ် ၂ နာရီထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရမှုကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရဟတ်ယာဉ်အပြင် မော့ကနင်အခြေစိုက် အမြောက်တပ် (၃၁၇) ကလည်း လက်နက်ကြီးနဲ့ အချက်ပေါင်း ၁ ဒါဇင် ကျော်ပစ်ကူခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံဗိုလ်ရန်နိုင်က ပြောပါတယ်။

နှစ်ကရင်ကျေးရွာ၊ ၁၀ ရပ်ကွက်က နေအိမ်တလုံးရဲ့ ခြံဝန်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့  နေအိမ်အတွင်းမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။ 

ဇွန် ၂၅ ရက် ညနေ ၄ နာရီကျော်က မိသားစုတွေ အတူရှိနေချိန် လက်နက်ကြီးကျည် ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက "ကောင်မလေးက ခေါင်းပွင့်ပြီးနေရာမှာပဲ သေဆုံးတယ်။ သူက‌ အိမ်နောက်ဖေး တဲထဲအသွားမှာ လက်နက်ကြီးကျည်ဆန်ကျပြီး ထိတာ။ အမျိုးသား သုံးဦးကတော့ ခြေထောက်နဲ့ ခန္ဓာကိုယ်တွေထိတာ အကုန်လုံးကို ဆေးရုံပို့ပေးပြီးပါပြီ” လို့ ပြောပါတယ်။ 

သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ မိသားစုဝင်တွေဖြစ်ကြပြီး အသက် ၂၀ အရွယ် သမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။ အဲဒီမိသားစုဝင်တွေဟာ ခြံအလုပ် လုပ်ကိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

လက်နက်ကြီးကျည် ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာ ရရှိခဲ့သူတွေကို လမိုင်းမြို့ပြည်သူ့ဆေးရုံကြီးကို လမိုင်းလူငယ်ပရဟိတအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

မော်လမြိုင်ခရိုင်၊ ရေး၊ သံဖြူဇရပ်ဒေသကို KNLA တပ်ရင်း ၂၇ နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မတစ်လျှောက် နယ်မြေစိုးမိုးရေးရယူပြီး နေ့စဉ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo လမိုင်းလူငယ်ပရဟိတအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013