
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးအနောက်အုပ်စုက အသက် ၇၀ အရွယ် အမျိုးသားတဦးကို စစ်ကောင်စီတပ်က ဇွန် ၁၅ ရက်နေ့မှာ ဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာမှာ မိသားစုကို အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ချောင်းမကြီးအနောက်အုပ်စုက အသက် ၇၀ အရွယ်ရှိ ဦးအောင်သစ်ကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် ဇွန် ၁၈ ရက်နေ့မှာ အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
“သူက ဘာအပြစ်မှ မလုပ်ပါဘူး၊ စွပ်စွဲခံရတာ၊ သူ့ဘာသူ အေးဆေးနေတဲ့သူပါ၊ ၁၅ ရက်နေ့ ညနေကတည်းက ဖမ်းသွားတာ၊ အလောင်းကို ဆေးရုံရင်ခွဲရုံမှာ လက်မှတ်ထိုး ထုတ်ခဲ့ရတယ်။”
ဦးအောင်သစ်ရဲ့အလောင်း ထုတ်ယူချိန်မှာ ခန္ဓာကိုယ်မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရပြီး အလောင်းကို ဇွန် ၁၉ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ဦးအောင်သစ်ကို ဘာကြောင့် ဖမ်းဆီးနှိပ်စက် သတ်ခဲ့တာလဲ ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။










