
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး မြို့မစျေးအတွင်း ဈေးရောင်းချသူ အမျိုးသမီး ငါးယောက်ကို ဇွန် ၁၉ ရက် ညမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့မှာ လပွတ္တာမြို့မဈေးအတွင်းက စျေးရောင်းချနေသူ အမျိုးသမီး ငါးယောက်ဟာ ပန်းပန်တာတွေ၊ ပန်းစည်းကိုင်ထားတာတွေကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပန်းပန်လည်း ဖမ်းတယ်၊ ဘုရားတင်ဖို့ ပန်းစည်းဝယ်လည်း ဖမ်းတယ်၊ မသိနားမလည်လို့ လုပ်မိရင်တောင် ပြန်လွှတ်ပေးသင့်တယ်။ စျေးသည်တွေကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်တယ်။”
စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ဇွန် ၁၉ ရက် ည ၁၀ နာရီဝန်းကျင်က အဆိုပါအမျိုးသမီးငါးယောက် နေထိုင်ရာ ပိုးလောင်းကျေးရွာမှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပန်းပန်လို့ဖမ်းတာ မဟုတ်ဘူး။ သူတို့တွေက TikTok မှာ ခွပ်ဒေါင်းသီချင်းနဲ့ ပန်းသပိတ်လုပ်တာ။ အဲ့ဒါကြောင့် တပ်က အမှုဖွင့်ထားတာ။”
ဖမ်းဆီးခံရသူတွေမှာ လပွတ္တာမြို့နယ် ပိုးလောင်းကျေးရွာနေ ဒေါ်ဝင်းစန်း၊ ဒေါ်စိုးစိုး၊ ဒေါ်သင်းသင်းစိုး၊ မမီးမီး၊ ဒေါ်ညွန့်ညွန့်လှိုင်တို့ ငါးဦးဖြစ်ပြီး လပွတ္တာမြို့နယ်ရဲစခန်းမှာ (ပ)၃၆/၂၀၂၃ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။











