Home
မြန်မာသတင်း
ကန့်ဘလူ စစ်ရှောင်များ မြွေဆိုးကိုက်ခံရသူ များပြားနေပြီး ဆရာဝန်နှင့် ဆေးဝါးလိုအပ်
DVB
·
June 20, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၁ ဦး ဇွန်လအတွင်း မြွေဆိုးကိုက်ခံရပြီး ဆေးဝါးကုသပေးမယ့် ဆရာဝန်နဲ့ မြွေဆိပ်ဖြေဆေးတွေ လိုအပ်နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။

ဇွန် ၁ ရက်ကနေ ၂၀ ရက်အထိ မြွေဆိုးကိုက်ခံရသူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦးအထိ ရှိခဲ့ပြီး မြွေကိုက်ခံရသူတွေကို ဒေသအခေါ် အရပ်ဆရာဝန် (ဆေးဝါးကုသခွင့်ရှိသူမဟုတ်) နဲ့သာ ကုသနေရပြီး မြွေဆိပ်ဖြေဆေးကိုလည်း အလှူရှင်တွေ ကူညီပေးမှုနဲ့ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူ ကိုညီက “NUG အောက်က ကျန်းမာရေးဌာနက ခွဲတမ်းနဲ့တော့ ရတယ်။ မြွေကိုက်ခံရသူများတော့ ဆေးက မလောက်ဘူးဖြစ်နေတာ။ စစ်ရှောင်တွေကို လှူတဲ့အထဲကပဲ ဝေမျှပြီး ရတဲ့နေရာက ရှာဝယ်ပြီး ဆေးရှိရင်ရှိသလို ထိုးပေးနေရတယ်။ စိုးရိမ်ရတဲ့ လူနာတွေအတွက်တော့ ဆေးလိုအပ်ချက်ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြွေဆိုးကိုက်ခံရတဲ့ လူနာတွေကို မြွေဆိပ်ဖြေဆေး လေးလုံးပဲ ထိုးပေးနိုင်ပြီး ဇွန် ၁၉ ရက်မှာ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသမီးတဦး မြွေဆိုးကိုက်ခံရပြီး BPI မြွေဆိပ်ဖြေဆေး လေးလုံးထိုးပေးကာ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဆိုးကိုက်ခံရပြီဆိုရင် အရင်ဦးဆုံး မြွေအမျိုးအစား ခွဲခြားတာ၊ မြွေဆိပ် ခန္ဓာကိုယ်‌ထဲကို ဘယ်လောက်ဝင်သွားတာတွေကို တွက်ချက်ပြီး မြွေဆိပ်ဖြေဆေး စောနိုင်သမျှ ဆေးထိုးကုသပေးရမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တယ်လီကျန်းမာက အွန်လိုင်းစနစ်နဲ့ ဆေးဝါးကုသပေးနေတဲ့ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆရာဝန်တဦးကလည်း “ဆေးက ရိုးရိုး ကျန်းမာရေးဝန်ထမ်းတောင် ထိုးလို့မရပါဘူး။ ဆရာဝန်မှဖြစ်မှာမို့ မြွေကိုက်ခံရတဲ့လူနာရှိရင် အသက်အန္တရာယ်ရှိနိုင်လို့ အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဆရာဝန်ဆီ သွားဖို့လိုပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြွေဆိပ်ဖြေဆေးဟာ ပုဂ္ဂလိကဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးမျိုးမဟုတ်ဘဲ ကျန်းမာရေးဌာနက ဆေးကုသခွင့်လိုင်စင်ရှိတဲ့ ဆရာဝန်တွေဆီမှာသာ ရှိနိုင်တဲ့အတွက် ဆရာဝန်တွေဆီမှာသာ ကုသဖို့ လမ်းညွှန်ထားပေမဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ဆို့စစ်‌ဆေးနေတာကြောင့် ဆေးရုံတက်ကုသဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

မြွေဆိုးကိုက်ခံရသူတွေကို သူတို့ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး မြွေဆိပ်ဖြေဆေး ရှစ်လုံးအထိ ထိုးနှံပေးရပေမဲ့ ဆေးဝါးလိုအပ်ချက်ကြောင့် လေးလုံးသာ ထိုးနှံပေးနိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယဘက်ကလာတဲ့ မြွေဆိပ်ဖြေဆေးတလုံးကို ကျပ် ၃၀၀၀၀ ၊ BPI မြွေဆိပ်ဖြေဆေးတလုံးကို တသိန်းအထိ အပြင်ဈေးကွက်ပေါက်ဈေးရှိပြီး အဲဒီနေရာတွေကပဲ အလှူငွေရရှိမှုပေါ် မူတည်ပြီး ဝယ်ယူ အသုံးပြုနေရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှ အခုနှစ် ဇွန်လအထိ မြွေကိုက်ခံရသူ ကန့်ဘလူခရိုင်မှာ ၇၈ ဦးအထိရှိပြီး အဲဒီထဲက ကလေး ၁ ဦး အပါအဝင် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024