



ဇွန်လ ၁၉ ရက် ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Zero ပြောက်ကျားတပ်ဖွဲ့က နှင်းဆီပန်းအပွင့် ၉၀၀ အသုံးပြုကာ မွေးနေ့ရှင်နဲ့ ပုစံတူပြုလုပ်ပြီး စစ်ကိုင်းတိုင်းတနေရာမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူထံကနေ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “ဒီနေ့ အမေစုမွေးနေ့အတွက် ကျနော်တို့ မြင်းခြံခရိုင်တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ နှင်းဆီအပွင့် ၉၀၀ နဲ့ အမေစု ပုံစံတူပုံဖော်ပြီး မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်ဗျ။ စစ်ကောင်စီကတော့ဗျာ အမေစုကို အကျဉ်းချလိုက်တာနဲ့ နိုင်ငံရဲ့ ဖြစ်ပျက်နေတာတွေ၊ ပြည်သူအများ လိုချင်တဲ့ ဒီမိုကရေစီကို မပေးရဘူးလို့များ ထင်နေတာလား မသိဘူးဗျ။ သူတို့ အဲလိုထင်ရင်တော့ မှားသွားမယ်။ အမေစုကို ဖမ်းဆီးထားလည်း ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မရောက် ရောက်အောင်ကို အဆုံးအထိ သွားကြမှာပါဗျ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ရဲ့ နိုင်ငံမိခင်ကြီး အမေစု ဒီနေ့ကျရောက်တဲ့ ၇၈ နှစ် မွေးနေ့အတွက် ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်တွင်းပြည်ကရောက် မြန်ပြည်သူတွေက နှင်းဆီပန်းတွေကို အသုံးပြုပြီး ပုံစံအမျိုးမျိုးနဲ့ မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
မန္တလေးခရိုင် တပ်ရင်း-၃ ABRF ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး ဇွန် ၁၉ ရက် မနက် ၉ နာရီတိတိ ကျေးရွာတခုမှာ ၇၈ နှစ်မြောက် အမေစုမွေးနေ့ အထိမ်းအမှတ် ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ပန်းသပိတ်ကို စုပေါင်းပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပန်းသပိတ်ရဲ့ ကြွေးကြော်သံတွေအနေနဲ့ အမေစုနဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံ ကျောင်းသား၊ ပြည်သူများအား ချက်ချင်းလွှတ်ပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံပြီး မအလနဲ့ စကစကို လုံးဝ အလိုမရှိကြောင်းနဲ့ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အရေးတော်ပုံ အောင်ရမည်၊ အောင်ကိုအောင်ရမည် ကြွေးကြော်သံသုံးကြိမ် ဟစ်ကြွေးပြီး စုပေါင်းဆင်နွှဲခဲ့ကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။










