DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားများ လက်ထပ်မှု တင်းကျပ်စွာစစ်ဆေးရန် ညွှန်ကြား
DVB
·
May 28, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားတွေ လက်ထပ်ထိမ်းမြားစာချုပ် ချုပ်ဆိုမှုတွေ တင်းကျပ်စွာ စစ်ဆေးဖို့ ထိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိုင်ငံတဝန်းရှိ ခရိုင်၊ မြို့နယ်အသီးသီးရှိ အုပ်ချုပ်ရေးဌာန မှတ်ပုံတင်ဌာနတွေကို အရေးပေါ် ညွှန်ကြားထားပါတယ်။

ထိုင်းနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းနရုချာ ခိုးဆာဆီဝိလိုင်းက ပြီးခဲ့တဲ့ မေ ၂၂ ရက် ဌာနဆိုင်ရာ အစည်းအဝေးမှာ ပြောကြားပြီး အရေးပေါ် ညွှန်ကြားချက်တရပ်လည်း  ထုတ်ပြန်ပေးပို့ခဲ့ပါတယ်။

လတ်တလော နည်းပညာဆိုင်ရာ ရာဇဝတ်မှုတွေ၊ နိုင်ငံဖြတ်ကျော် လိမ်လည်လှည့်စားသူတွေဟာ တရားမဝင်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံရဲ့ ဌာနဆိုင်ရာ စာရွက်စာတမ်း၊ မှတ်ပုံတင်တွေကိုပါ အသုံးချလာတာ တွေ့ရတယ်။ အဲဒီနည်းလမ်းတွေထဲမှာ အတုအယောင် လက်ထပ်ထိမ်းမြားခြင်းလည်း တခုအပါအဝင် ဖြစ်တယ်။ အဲဒီကိစ္စဟာ နိုင်ငံတော်ရဲ့ လူဦးရေဆိုင်ရာ မှတ်ပုံတင်စနစ်၊ ယုံကြည်မှုနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးစေတယ်လို့ ညွန်ချုပ် နိုင်းနရုချာက ပြောပါတယ်။

အချို့သောမှတ်ပုံတင်ဌာနတွေမှာ ထိမ်းမြားလက်ထပ်စာချုပ် ချုပ်ဆိုတဲ့အဆင့်တွေဟာ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ လုပ်ဆောင်မှုမရှိဘူးလို့ တိုင်ကြားချက်ရထားတယ်၊ ဒါကြောင့် လုပ်ငန်းဆောင်တာတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးကွပ်ကဲဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသား မဟုတ်သူများ လက်ထပ်စာချုပ် ချုပ်ဆိုပေးရာမှာ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား မှန်ကန်မှု ရှိ၊ မရှိ သေချာစိစစ်ဖို့၊ လူတွေ့စစ်ဆေးစဉ် မမှန်ကန်မှုများ တွေ့ရှိက လက်ထပ်စာချုပ်ပေးဖို့ ငြင်းဆိုဖို့၊ တံစိုးလက်ဆောင် လာဘ်စားခြင်း လုံးဝမရှိစေရ၊ စစ်ဆေးတွေ့ရှိက ရာဇသတ်ကြီးပုဒ်မနဲ့ရော ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ ဥပဒေတွေနဲ့ပါ အရေးယူခံရမယ်လို့ ဆိုပါတယ်။

အထူးစစ်ဆေးရမဲ့ အုပ်စုတွေမှာ နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရှေ့ ၆ နဲ့ ၇ ဂဏန်းပါ တောင်ပေါ်သားကတ် ကိုင်ဆောင်သူ၊ မှတ်ပုံတင်ရှေ့ ၀-၈၉၊ ၀-၀၀ နဲ့စတဲ့ နိုင်ငံမဲ့မှတ်ပုံတင် ကိုင်ဆောင်သူ စတဲ့ အုပ်စု ၃ စုရှိတယ်။ ထပ်ဆင့်/အပြိုင် ထိမ်းမြားလက်ထပ်ထားခြင်း ရှိ၊ မရှိ ကိုယ်ရေးအချက်အလက် စစ်ဆေးဖို့၊ လက်ထပ်မဲ့ ဇနီးမောင်နှံကို လူခွဲစစ်ဆေးဖို့၊ နိုင်ငံခြားသားရဲ့  လူလွတ်ဖြစ်ကြောင်း ထောက်ခံစာကို ဘာသာပြန်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံစာ ပါရှိဖို့၊ စစ်ဆေးမေးမြန်းချက်ပုံစံမှာ ထိုင်း၊ အင်္ဂလိပ်၊ တရုတ် ၃ ဘာသာ ဖြည့်စွက်ဖို့ဖြစ်ပြီး တာဝန်ရှိသူကို မမှန်မကန် ထွက်ဆိုပါက ရာဇဝတ်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းစွာ အသိပေးထားဖို့ ဖြစ်ပါတယ်။

တကယ်လို့ အယောင်ဆောင် ထိမ်းမြားလက်ထပ်ကြောင်း စစ်ဆေးတွေ့ရှိက မှတ်ပုံတင်အရာရှိ အနေနဲ့ မိမိလုပ်ပိုင်ခွင့်အာဏာနဲ့ ထိမ်းမြားပေးခြင်း ချက်ချင်းငြင်းပယ်နိုင်တယ်။ လျှောက်ထားသူကိုလည်း ဥပ‌ဒေနဲ့ မကိုက်ညီကြောင်း သေချာစွာ ရှင်းပြရမယ်။ သူတို့က မကျေနပ်ဘူး ဆိုရင် တရားရုံးမှာ အယူခံဝင်ပိုင်ခွင့်ရှိတယ်။

ဝန်ထမ်းတွေအနေနဲ့ မိမိရဲ့ တာဝန်ဝတ္တရားကို ရိုးသားဖြောင့်မတ်စွာ၊ ပွင့်လင်းမြင်သာ ဆောင်ရွက်ဖို့ ညွှန်ကြားပြီး သတ်မှတ်ထားတဲ့ ဝန်ဆောင်ကြေးကလွဲလို့ တခြားအကျိုးအမြတ် လက်ခံတာ၊ တောင်းခံတာ၊ အဂတိလိုက်စားတာ၊ အခွင့်အရေးနဲ့ လဲလှယ်ခြင်း မရှိစေရ၊ တွေ့ရှိက ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့  ညွှန်ချုပ်က ပြောပါတယ်။

ဒီမတိုင်ခင်က ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့၊ ဥပ‌ဒေချိုးဖောက်တဲ့ တရုတ်နိုင်ငံသားတချို့ကို ဖမ်းဆီးရမိပြီး သူတို့ဟာ ထိုင်းမှာ နှစ်ရှည်လများ နေထိုင်ခွင့်ရဖို့၊ စီးပွားရေးလုပ်ဖို့၊ မြေယာတွေ ဝယ်ယူဖို့အတွက် ထိုင်းနိုင်ငံသားတွေနဲ့ အတုအယောင် လက်ထပ်ထားတာတွေ  စစ်ဆေးတွေ့ရှိတယ်၊ ဒါ့ကြောင့် အခုလို ဥပဒေစည်းကမ်းတင်းကျပ်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

Source: MGROnline / Bright TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013