DVB Logo
Home
မြန်မာသတင်း
လစာတိုးပေးရန် တောင်းဆိုသည့် ဟိုစိမ့်မြန်မာစက်ရုံမှ အလုပ်သမား ၆ ဦး ဖမ်းဆီးခံရ
DVB
·
June 18, 2023
လစာတိုးပေးရန် တောင်းဆိုသည့် ဟိုစိမ့်မြန်မာစက်ရုံမှ အလုပ်သမား ၆ ဦး ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Hosheng Myanmar (ဟိုစိမ့်မြန်မာ) အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးပေးဖို့ ဦးဆောင် တောင်းဆိုခဲ့တဲ့ အလုပ်သမား ခေါင်းဆောင် ၇ ယောက်မှာ ၆ ယောက်အထိ ဖမ်းခံထားရပြီး အလုပ်သမားတွေကို ကူညီပေးနေတဲ့အဖွဲ့ဝင် နှစ်ယောက်လည်း ဖမ်းဆီးခံထားရတယ်လို့ ဟိုစိမ့်မြန်မာ အလုပ်သမားအရေး ကူညီပေးသူတွေဆီက သိရပါတယ်။

လက်ရှိ အလုပ်သမား ခေါင်းဆောင် မသူသူစံကို စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးနေပြီး အလုပ်သမား ၆ ယောက်ကို ဇွန် ၁၆ ရက်က ထပ်မံ ဖမ်းဆီးကာ ကျန်အလုပ်သမား ၁ ဦးကတော့ လွတ်မြောက်နေတယ်လို့ သိရပါတယ်။

ဇွန် ၁၄ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် မသူသူစံနဲ့ လက်ရှိ အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့လည်း အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

"အခုက ဖမ်းသွားတာက အလုပ်သမားသမဂ္ဂဘက်က ၆ ယောက်၊ ဒီကိစ္စကို လုပ်ဆောင်ပေးနေတဲ့ အလုပ်သမား အဖွဲ့အစည်းက ၂ ယောက် ဖမ်းထားတယ်။ အဲ့တော့ အခုထိ ဘာမှ မသိသေးဘူး။ သူတို့ စစ်ကြောရေး လုပ်နေတုန်းပဲ ထင်တယ်။ ဒီမနက် ထပ်သိတာတော့ စုစုပေါင်း ၁၂ ယောက်ရှိပြီလို့ ပြောတယ်။ စာရင်းအရ သိတာတော့ ၈ ယောက်ပဲ သိတယ်။ ကျန်တဲ့ ၄ ယောက်က ဘယ်သူတွေလဲဆိုတာ မသိဘူး။ အစည်းအဝေး လုပ်တဲ့နေရာက နေရာပိုင်ရှင်ကိုလည်း ဖမ်းထားတယ်ကြားတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ အလုပ်သမားခေါင်းဆောင် ၆ ယောက်၊ တယောက်က စိုးရိမ်ပြီးတော့ ရှောင်လိုက်တာ။ ပထမ မေးစရာရှိတာ ခေါ်မေးမယ်ဆိုပြီး ခေါ်လိုက်တာ။ နောက်ကျ ခေါ်လိုက်တာ အဲ့တယောက်ကို ညအိပ်ညနေ ခေါ်ထားတော့ တယောက်က ရှောင်နေတာပေါ့။"

လုပ်အားခ တိုးပေးဖို့ တောင်းဆိုမှုမှာ ပါဝင်ခဲ့တဲ့ စက်ရုံအလုပ်သမားသမဂ္ဂဝင် ၇ ယောက်ကို စက်ရုံအတွင်း ဆူပူမှုဖြစ်အောင် သွေးထိုး လှုံ့ဆော်တာ၊ စက်ရုံမှူးကို ခြိမ်းခြောက်ပြောဆိုတာ၊ ကုန်ထုတ်လုပ်မှု ကျအောင် တမင်ရည်ရွယ် လုပ်ဆောင်တာကြောင့်လို့ ဆိုပြီး ဇွန် ၁၀ ရက်က အလုပ်ထုတ်ခဲ့တာပါ။

အခုလိုမျိုး အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေကို ဆက်တိုက် ဖမ်းဆီးမှုတွေ လုပ်နေတာက အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ စစ်ကောင်စီ အလုပ်သမားဒုဝန်ကြီးက ပြောဆိုခဲ့တဲ့ အချက်တွေနဲ့ ကွဲလွဲနေတယ်လို့ ဟိုစိမ့်မြန်မာ အလုပ်သမားအရေး ကူညီပေးသူက ပြောပါတယ်။

"ဒီနှစ် အလုပ်သမားနေ့မှာ ထုတ်ပြန်တဲ့ SAC ရဲ့ အလုပ်သမားနေ့ ပြောတဲ့ စကားတွေမှာရော၊ အဲ့မတိုင်ခင်မှာ ဒုဝန်ကြီးက မီဒီယာတွေမှာ ပြောတဲ့ စကားတွေမှာ ခွင့်ပြုထားပါတယ်လို့ ပြောတယ်။ လက်တွေ့မှာတော့ အောက်ခြေ တာဝန်ရှိသူတွေက အဲ့စကားနဲ့ ကွဲလွဲတဲ့ အလုပ်တွေ လုပ်နေတယ်။ ကျနော်တို့ အကြံပြုချင်တာက SAC က ခွင့်ပြုတာလား မပြုတာလားဆိုတာ ဟိုစိမ့် စက်ရုံ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းမှာ အတည်ပြုလိုက်မယ်။ အလုပ်သမားအဖွဲ့တွေကို ပိတ်ပင်တယ်ဆို ပိတ်ပင်တဲ့အကြောင်း စာနဲ့ ထုတ်ပြီး ပြောစေချင်တယ်။ ဒီကိစ္စက ဟိုစိမ့်စက်ရုံ တရုံတည်း ကိစ္စ မဟုတ်တော့ဘူး။ အခု SAC က ဒီအလုပ်သမား ကိစ္စတွေ ကိုင်တွယ်ပုံ ကြည့်ပြီး အလုပ်သမားဝန်ကြီးက အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းခွင့် ပြုပါတယ်ဆိုတဲ့ အကြောင်းအရာ ဒီမိုကရေစီ အလေ့အထ လုပ်သွားပါမယ်။ ရွေးကောက်ပွဲတွေ ကျင်းပပါမယ်လို့ ပြောတာနဲ့ ကွဲလွဲနေတယ်။ ကျနော်တို့ကတော့ အလုပ်သမား အခွင့်အရေး နစ်နာမှု ကိစ္စတွေမှာ ဆက်ကူညီပေးသွားမှာပဲ။ လက်မခံဘူးဆိုလည်း စာနဲ့ပေနဲ့ အမိန့်ထုတ်တာမျိုးကို လုပ်လိုက်မယ်ဆို ရပ်လိုက်မယ်ပဲ"လို့ (ဟိုစိမ့် မြန်မာ) အလုပ်သမားအရေး ကူညီပေးနေသူ ကိုသူရိန်အောင်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အခြေခံ အလုပ်သမားတွေ ရရှိနေတဲ့ တနေ့လုပ်အားခ ငွေကျပ် ၄၈၀၀ ဟာ လောက်ငမှု မရှိဘဲ အလုပ်သမားသမဂ္ဂအဖွဲ့တွေနဲ့ အလုပ်သမားတွေက အခြေခံ တနေ့လုပ်အားခ ငွေကျပ် ၁၀၀၀၀ ရရှိအောင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ မေလ ၁ ရက် ၂၀၂၃ မှာ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံလုပ်သားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာ ငွေကျပ် ၄၈၀၀ ကို ထပ်မံ တိုးမြှင့် ပြဌာန်းဖို့ ပျက်ကွက်ခဲ့တာ အချိန် ၂ နှစ်ကျော်ရှိပါပြီ။

စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ လုပ်ခ လစာ အပြည့်မရတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေ အဆိုးဆုံးကြုံနေရပြီး စစ်ကောင်စီက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013