DVB Logo
Home
မြန်မာသတင်း
ဖြေဆိုသူအနည်းဆုံးနှစ်တွင် အောင်ချက်မြင့်ခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်း
DVB
·
June 18, 2023
ဖြေဆိုသူအနည်းဆုံးနှစ်တွင် အောင်ချက်မြင့်ခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်း
Donate to DVB

၂၀၂၂-၂၀၂၃ စာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖြေဆိုသူပေါင်း ၁၆၁,၈၅၀ အနက် ၁၀၉,၈၅၁ အောင်မြင်ခဲ့တဲ့အတွက် အောင်ချက် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်း ရှိတယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ထုတ်ပြန်ချက်က ဆိုပါတယ်။

အပေါ်ယံကြည့်ရင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးလို့ဆိုပေမဲ့  တကယ်တမ်းတော့ ဝင်ရောက်ဖြေဆိုသူ အနည်းဆုံးနှစ်လည်းဖြစ်တာကို တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂ ကြိမ် ကျင်းပခဲ့ပြီး ဝင်ရောက်ဖြေဆိုသူဦးရေဟာလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ ကျောင်းသားဦးရေ ၂၈၁,၇၅၁ ယောက် ဝင်ရောက်ဖြေဆိုပြီး ၂၀၂၃ ခုနှစ် မှာတော့ ၁၆၁,၈၅၀ ယောက်ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။

ဒီအရေအတွက်ဟာ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ၉၁၀,၀၀၀ ကျော် နှိုင်းယှဥ်ရင် ၂၀၂၃ ခုနှစ်မှာ ၅ပုံ ၁ပုံပဲ ဝင်ရောက်ဖြေဆိုခဲ့တာပါ။

တဖက်မှာ ဖြေဆိုသူဦးရ ကျဆင်းလာပေမဲ့ အောင်ချက်ရာခိုင်နှုန်းကတော့ စစ်ကောင်စီလက်ထက်မှာ ဆက်တိုက်ကိုမြင့်တက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ၂၀၁၂ ကနေ ၂၀၂၀ ခုနှစ်ထိ တက္ကသိုလ်ဝင်တန်း အောင်ချက်တွေဟာ ၄၀ ရာခိုင်နှုန်းကို မပြည့်မှီခဲ့ပါဘူး။

အရပ်သား အစိုးရလက်ထက် ဖြေဆိုသူဦးရေ အများဆုံးမြင့်တက်ခဲ့တဲ့ ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်ချက်ဟာ ၃၂ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဖြေဆိုသူဦးရေ ၅ ပုံ၁ပုံအထိ စံချိန်တင် အနိမ့်ဆုံးကျဆင်းခဲ့တဲ့ အခုစစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ်မှာတော့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ အောင်ချက်ရာခိုင်နှုန်း နှစ်ဆကျော် ခုန်တက်သွားတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စစ်ရေးပဋိပက္ခတွေ မြင့်တက်နေပြီး စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ အောင်ချက်ရာခိုင်နှုန်း မြင့်မားခဲ့တာဟာ ဖြေဆိုသူအားလုံးနီးပါးကို အအောင်ပေးမယ်ဆိုတာကြောင့်ဖြစ်နိုင်ပြီး  စာမေးပွဲအောင်မြင်သွား သူတွေအနေနဲ့ ‌အမှန်တကယ် တတ်မြောက်သူ ဟုတ်/မဟုတ် သံသယဝင်ခံရနိုင်သလို စစ်ကောင်စီလက်ထက်မှာ အောင်မြင်ခဲ့တာကြောင့် အရည်အချင်းနဲ့ပတ်သက်ပြီး နောင်တချိန်မှာ မေးခွန်းထုတ်ခံရနိုင်ဖွယ်ရှိတယ်လို့ ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ပညာရေးဝန်ထမ်းတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရတဲ့အတွက် ၂၀၂၁ ခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မကျင်းပနိုင်ခဲ့ပါဘူး။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ KG+12 သင်ရိုးသစ် အစီအစဥ် (၁၃ နှစ် အခြေခံပညာရေးစနစ်) ကို စတင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ သင်ရိုးဟောင်းဖြစ်တဲ့ (၁၁နှစ် အခြေခံပညာရေးစနစ်) အတွက် နောက်ဆုံးပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲလည်းဖြစ်ပါတယ်။

Jade

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013