
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့၊ ကိုးပင်ကျေးရွာအဝင်မှာ ဇွန် ၁၅ ရက်က ဦးခေါင်းကို ကျည်ထိမှန်ဒဏ်ရာရထားတဲ့ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေက ပြောပါတယ်။
မနက် ၅ နာရီနဲ့ ၁၁ နာရီကျော်မှာ ဦးခေါင်းနဲ့ ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးတဲ့အလောင်းတွေကို ဆိုပါတယ်။
ဒေသခံတဦးက "မနက်အစောပိုင်း ဈေးဝယ်ထွက်တဲ့ အမျိုးသမီးက တွေ့ခဲ့လို့ ရွာလူကြီးတွေခေါ်ပြီး မြို့နယ် ရဲစခန်းကို ဆက်သွယ်လိုက်တာ စစ်တပ်ကပဲ လာသယ်သွားတယ်။ အခုရက်ထဲ အခုလို ခဏခဏ တွေ့ရတယ်" လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၀ ကျော်အရွယ် ၁ ဦး၊ အသက် ၃၀ ကျော် ၁ ဦး၊ အသက် ၄၀ ဝန်းကျင် ၁ ဦးတို့ဖြစ်ကြပြီး သပိတ်ကျင်းမြို့နယ်ခံတွေေ မဟုတ်ဘူးလို့ သိရပါတယ်။
ဒေသခံတဦးက "ရဲစခန်းကတော့ ကျနော်တို့ မြို့နယ်က မဟုတ်ဘူးလို့ ပြောတယ်။ နယ်ခံတွေလည်း အဲဒီလူတွေကို မသိဘူး။ သတင်းတိတိကျကျတော့ မရဘူး။ အားလုံးကို ဒီနေ့ပဲ သင်္ဂြိုဟ်လိုက်ပြီလို့ ပြောသံကြားတယ်” လို့ ပြောပါတယ်။
သေဆုံးရုပ်အလောင်းတွေအား သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ်ဆေးရုံကို စစ်ကောင်စီက သယ်ဆောင်သွားပြီး ဆေးရုံမှတဆင့် ရုပ်အလောင်းတွေကို ဇွန် ၁၆ ရက် နေ့လယ်ပိုင်းမှာ မီးသင်္ဂြိုလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရှိရသေးပေမဲ့ စစ်ကောင်စီ တယ်လီဂရမ်မှာတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့က လုပ်တာလို့ စွပ်စွဲ သတင်းဖော်ပြထားပါတယ်။