DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့် မောင်တောတွင် ဝါးဈေး မြင့်တက်သဖြင့် နေအိမ်များ မပြုပြင်နိုင်သေး
DVB
·
June 14, 2023
မုန်တိုင်းသင့် မောင်တောတွင် ဝါးဈေး မြင့်တက်သဖြင့် နေအိမ်များ မပြုပြင်နိုင်သေး
Donate to DVB

ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအပြီး မောင်တောခရိုင်မှာ ဝါးဈေးနှုန်း ၆၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်အထိ မြင့်တက်သွားတာကြောင့် ကျေးရွာအများစုမှာ နေအိမ်တွေ မပြင်နိုင်ကြသေးဘူးလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ဝါးပွဲရုံပိုင်ရှင်တဦးက “လက်ရှိ ဝါးဈေးက ၁၂၀,၀၀၀ လောက် ဈေးရှိပါတယ်။ ဝါးခုတ်မယ့်လူ မရှိတဲ့အတွက် ဝါးတွေ ဘူးသီးတောင်ဘက်က မလာတော့ဘူး။ မောင်တော ကြိမ်ချောင်းဘက်ကလာတဲ့ ဝါးတွေပါ။ အရင်တုန်းကတော့ ဝါးအလုံး ၁၀၀ ကို ၆၀,၀၀၀၊ ၇၀,၀၀၀ စျေးရှိတာပါ။ ကျနော်တို့ အခုဝယ်နေရတာ မောင်တောအရောက် ၁၁၀,၀၀၀ ကျပါတယ်။ ကျနော်တို့က ၁၂၀,၀၀၀ ရောင်းပါတယ်” လို့ ပြောပါတယ်။

အခုလို ဝါးဈေးမြင့်တက်နေရတာက မုန်တိုင်းအပြီး တောတောင်တွေကို အလွယ်တကူ မသွားလာနိုင်တာ၊ ဝါးတွေကို လွယ်ကူစွာ မခုတ်နိုင်တာတို့ကြောင့်လို့ ဝါးလုပ်သားတွေထံက သိရပါတယ်။

မောင်တောမြို့ ၃ မိုင်အနီးရှိ “မြို” တိုင်းရင်းသားတွေ နေထိုင်တဲ့ သီဟိုလ်အေးကျေးရွာမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေရဲ့ အမိုးအကာတွေကို ဝါးစျေးမြင့်တက်နေတာကြောင့် ဒီနေ့အထိ မပြုပြင်နိုင်ကြသေးတဲ့အတွက် အကူအညီ လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျနော်တို့ရွာက ၄ မိုင်အုပ်စု သီဟိုလ်အေးကျေးရွာ ဖြစ်ပါတယ်။ အိမ်ခြေ ၈၅ အိမ်ရှိပါတယ်။ မုန်တိုင်းကြောင့် လုံးဝပျက်စီးပြိုလဲသွားတဲ့ နေအိမ် ၁၂ အိမ် ရှိပါတယ်။ အမိုးတွေပျက်သွားတဲ့အိမ်က ၂၀ ကျော်လောက် ရှိပါတယ်။ ဝါးစျေးတွေ မြင့်တက်သွားတာကြောင့် မပြုပြင်နိုင်ကြသေးဘူး။ အခုလက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီတာ မရှိသေးပါဘူး။ နေအိမ်တွေ အားလုံးက ပြုပြင်ရမယ့် အနေအထားပါ။ အခုလက်ရှိ လုပ်ကိုင်စားသောက်ရတာတောင် အခက်အခဲ ဖြစ်နေကြတယ်။ တောတောာင်တွေကို ဟင်းသီးဟင်းရွက် သွားရှာတာလည်း ဘာမှအဆင်မပြေကြဘူး။”

အဆိုပါ မောင်တောမြို့ ၃ မိုင်အနီးမှာရှိတဲ့ “မြို” တိုင်းရင်းသားတွေ နေထိုင်တဲ့ သီဟိုလ်အေးကျေးရွာဟာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်တွေ ရှိနေသလို ကျန်ရှိနေတဲ့ နေအိမ်တွေ အားလုံးနီးပါးမှာလည်း အမိုးအကာတွေ လုံခြုံမှုမရှိ ဖြစ်နေပြီး အရေးပေါ်အကူအညီ လိုအပ်ချက်တွေ ရှိနေပေမဲ့ အဲဒီရွာလေးကို အာဏာပိုင်တွေသာမက ပရဟိတ လူမှုအဖွဲ့အစည်းတွေပါ ဥပေက္ခာပြုခံနေရတဲ့ ကျေးရွာတခု ဖြစ်ပါတယ်။

မောင်တောခရိုင်မှ မြိုအမျိုးသမီးတဦးကတော့ မုန်တိုင်းမှာ ပျက်စီးသွားတဲ့ သူမနေအိမ် ဒီနေ့အထိ မပြုပြင်နိုင်သေးသလို စားဝတ်နေရေးပါ အခက်အခဲများစွာ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

မောင်တောခရိုင်မှာ နေအိမ်တွေ မပြုပြင်နိုင်သေးတဲ့ ကျေးရွာ ၁၀၀ ကျော်အထိ ရှိနေပြီး ဒေသထွက် ဝါးတွေ မထုတ်လုပ်နိုင်တာကြောင့် ဝါးဈေးနှုန်း မြင့်တက်နေကြောင်း မောင်တောဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013