DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင် နိုင်ကျဉ်းများကို သံခြေချင်းခတ်၊ လက်ထိတ်ခတ် ဖိနှိပ်နေဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြော
DVB
·
June 11, 2023
အင်းစိန်ထောင်တွင် နိုင်ကျဉ်းများကို သံခြေချင်းခတ်၊ လက်ထိတ်ခတ် ဖိနှိပ်နေဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြော
Donate to DVB

ရန်ကုန်မြို့က အင်းစိန်ထောင်ထဲမှာ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းဖိနှိပ်မှုတွေ ဖြစ်ပွားနေပြီး အဆိုပါဖိနှိပ်ခံရသူတွေထဲ တရားရုံးက အမိန့်ချပြီး သူတွေနဲ့ အမိန့်မချရသေးသူတွေလည်း ပါဝင်နေတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။

ထုတ်ပြန်ချက်မှာတော့ အင်းစိန်ထောင်ကို ပြီးခဲ့တဲ့ ဇွန် ၅ ရက်က ဒု-ညွှန်မှူးလာရောက် စိစစ်တယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီး စစ်ကောင်စီလက်ဝေခံ အကျဉ်းဦးစီးဌာနက အမိန့်ချပြီးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို (ပုံမှန်အနေအထားမှာတောင်) သံဒေါင့်နဲ့ခတ်တာ၊ အမိန့်မချရသေးတဲ့ မတရားအကျဥ်းချခံထားရသူတွေကို သံခြေချင်းခတ်တာ (ပုံမှန် အနေအထားမှာတောင် လက်ထိတ်ခတ်ထားတာ)၊ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေကို လက်ထိတ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး ဇွန် ၇ ရက်က အထူးတရားရုံးကို လာစစ်တဲ့ တရားသူကြီးတွေ အကျဉ်းထောင်တရားရုံးကို ရောက်ရှိလာတဲ့အခါမှသာ အမိန့်မချရသေး‌တဲ့ မတရားဖမ်းဆီးခံရသူတွေကို ရုံးထုတ်ဖို့နဲ့ မတရားဖမ်းဆီးခံရသူတွေဘက်က သက်သေထွက်ဆိုမယ့် ပြင်ပပုဂ္ဂိုလ်တွေကို အကျဉ်းထောင်အတွင်း ဝင်ခွင့်ပြုဖို့ အင်းစိန်အကျဉ်းဦးစီးဌာန(အ.က.စ)က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုဇွန်လဆန်းပိုင်းလောက်ကစပြီးတော့ တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲဝန်ထမ်းတွေနဲ့ (အ.က.စ)ဝန်ထမ်းတွေကိုသာ ဖုန်းအသုံးပြုခွင့် ပေးထားပြီး အမှုလိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေတွေနဲ့ မတရားဖမ်းဆီးခံရသူတွေဘက်က သက်သေထွက်ဆိုမယ့် သူတွေရဲ့ ဖုန်းတွေကိုတော့ အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ပိတ်ပင်လိုက်ပြီး အခုလက်တလော ထောင်တွင်းသတင်းတွေ မကြာခဏပေါက်ကြားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ကျဉ်းမိသားစုဝင်တွေရဲ့ ထောင်ဝင်စာ‌ ပေးပို့ရာမှာ အခက် အခဲများစွာရှိနေတယ်လို့ ကြားသိရကြောင်းလည်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တဘက်မှာလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဘယ်သူ့ကိုမဆို မတရားပုဒ်မတပ် ဖမ်းဆီးအရေးယူတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းကနေ ဒီကနေ့အထိ အကျဉ်းထောင်တွေမှာ ၁၈,၉၆၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၃၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၆ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013