DVB Logo
Home
မြန်မာသတင်း
စက်ရုံအချို့က တိုးပေးသည့် အခြေခံလုပ်ခ အလုပ်သမားများအတွက် မလုံလောက်
DVB
·
June 9, 2023
စက်ရုံအချို့က တိုးပေးသည့် အခြေခံလုပ်ခ အလုပ်သမားများအတွက် မလုံလောက်
Donate to DVB

ပြည်တွင်းက စက်ရုံတချို့အနေနဲ့ အခြေခံ တရက်လုပ်ခကို တိုးမြှင့်ပေးလာကြပေမဲ့ အဲဒီနှုန်းဟာ အလုပ်သမားတွေအတွက် ဖူလုံနိုင်စေမယ့်ပမာဏ မဟုတ်ဘူးလို့ စက်ရုံလုပ်သားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေက ပြောပါတယ်။

ရန်ကုန်မြို့က စက်ရုံတချို့ဟာ ဒီလပိုင်းအတွင်း တရက်လုပ်ခ ၅,၆၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်အထိ တိုးပေးလာကြပြီး အများစုက ၅,၆၀၀ ကျပ် ပေးကြတာဖြစ်ပါတယ်။

အဲဒီလို တိုးပေးလိုက်တဲ့နှုန်းဟာ တရားဝင် တရက်အနည်းဆုံးအခကြေးငွေ ၄,၈၀၀ ကျပ်ထက်စာရင် ၈၀၀ ကျပ် တိုးလာတာလည်း ဖြစ်ပါတယ်။

နဂိုလုပ်ခထက်စာရင် တိုးပေးလာတာ ကောင်းပေမဲ့ အလုပ်သမားတွေ မျှော်လင့်ထားတဲ့ ပမာဏထက် များစွာလျော့နည်းနေသေးတယ်လို့ စက်ရုံအလုပ်သမားတချို့က ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက “အလုပ်သမားတွေ ပြောပါများတော့ တိုးပေးတယ်ဆိုရုံ တိုးပေးလိုက်တဲ့သဘော။ ဒီလောက်နဲ့ပဲ ကျေနပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်နိုင်တယ်။ အလုပ်သမားတွေ လိုချင်တဲ့နှုန်း မဟုတ်တာတော့ သေချာတယ်” လို့ ပြောပါတယ်။

စက်ရုံအလုပ်သမားတွေက တိုးမြှင့်လာတဲ့ ကုန်စျေးနှုန်းနဲ့ ငါးနှစ်နီးပါးကြာ မပြောင်းလဲခဲ့တဲ့ အနည်းဆုံး အခကြေးငွေနှုန်းထားအရ တရက်လုပ်ခ ကျပ် ၁၀,၀၀၀ လောက်အထိရရှိဖို့ မျှော်လင့်ထားကြသလို တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီလပိုင်းမှာ စက်ရုံတရုံပြီးတရုံဟာ လုပ်အားခတွေ တိုးမြှင့်ပေးလာကြပြီး အများစု သတ်မှတ်တဲ့နှုန်းက ၅,၆၀၀ ကျပ် တူညီနေတာက သတိထားစရာ ဖြစ်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။

“လုပ်ငန်းရှင်တွေအချင်းချင်း ညှိထားပုံရတယ်။ နောက်ကွယ်က ဒီအတိုင်း လုပ်ခိုင်းနေသူ ရှိမယ်လို့ထင်တယ်။ သူတို့ တရားဝင်ကြေညာတာမျိုးမရှိဘဲ ဖြစ်လာတာ။ ဒီလိုနဲ့ အများလက်ခံလို့ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်က ၅,၆၀၀ ကျပ်ဆိုပြီး နောက်မှထုတ်ပြန်တာမျိုးလည်း ရှိလာနိုင်တယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာ အနည်းဆုံးလုပ်ခ တိုးပေးတဲ့အကြောင်း ကြေညာတဲ့ စက်ရုံအရေအတွက်ဟာ ရှိရင်းစွဲစက်ရုံတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိသေးပြီး အများစုက ရုံအသစ်ဖွင့်တဲ့ စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

လည်ပတ်နေတဲ့ ရုံအဟောင်းတွေကတော့ ဇွန်လကစပြီး တရက် ၅,၆၀၀ ကျပ် ပေးမယ်ဆိုပြီး သတင်းလွှင့်နေတာ ရှိတာကြောင့် အဲဒီလစာထုတ်မှပဲ အခြေအနေအမှန် သိရမယ်လို့ STUM မှ တာဝန်ရှိသူက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013