DVB Logo
Home
မြန်မာသတင်း
NUG အကြံပေး ဦးအောင်ကျော်မိုး၏အစ်ကို လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်
DVB
·
June 9, 2023
NUG အကြံပေး ဦးအောင်ကျော်မိုး၏အစ်ကို လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် တယောက်ဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ​လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် NUG က မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးသန်းမြင့် (ခ) Sayedul Anwar ကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်ည ၁၁ နာရီလောက်က ရန်ကုန်မြို့မှာ အမည်မသိလူတစုက သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဦးအောင်ကျော်မိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က တဆင့် ခုလိုရေးသားထားခဲ့တာ တွေ့ရပါတယ်။

“၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အာခံရင်း ကိုယ်တတ်စွမ်းသမျှနဲ့ တိုင်းပြည်အတွက် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုသစ်အတွက် အလုပ်အကျွေးပြုမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ ကျနော် စစ်အာဏာရှင်စနစ်ဆိုး ပြုတ်ကျအောင် ဆောင်ရွက်နေကြတဲ့ အင်အားစုအသီးသီးနဲ့အတူ ပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်လာရေးကို ရှိသမျှ အားအင်နဲ့ ရပ်တည်ဆောင်ရွက်နေတယ်။ ကိုယ့်အလုပ်နဲ့ နေ့ည မအားဖြစ်နေတဲ့ ကျနော် အစ်ကို ကိုသန်းမြင့်နဲ့ စကားကောင်းကောင်း မပြောဖြစ်ခဲ့ကြဘူး။ အခုတော့ "အောင်ကျော်မိုး" အစ်ကိုမို့လို့ မသေမချင်း ဓားနဲ့ရက်ရက်စက်စက် ထိုးသတ်ပစ်လိုက်ကြတယ်။ အစ်ကိုရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ ဘာမှ မလုပ်ပေးနိုင်ရုံမက မျက်နှာကိုတောင် မမြင်လိုက်ရတဲ့အဖြစ် အတော့်ကို ယူကျုံးမရ ခံစားရတယ်။ ကျနော့်မှာ အစ်ကိုရယ်ဆိုလို့ ကိုသန်းမြင့် တဦးတည်းသာရှိတာပါ။ သူက သမာအာဇီဝနဲ့ အေးဆေးအရောင်းအဝယ် လုပ်စားသူ ဖြစ်ပါတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေး ဓမ္မဘက်တော်သားတွေဟာ အရင်းအနှီးကြီးလွန်းတယ်။ အိုးအိမ် စည်းစိမ်နဲ့ ဘဝပေး အခြေအနေတွေမက မိသားစုအရင်းအချာတွေကိုပါ ပေးဆပ် စတေးခံနေရတယ်။”

NUG အစိုးရ သဝဏ်လွှာထဲမှာတော့ “ကွယ်လွန်သူကို အလ္လာဟ် အရှင်မြတ်မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပါစေ။ ဂျန်နသ်မှာ မြင့်မားသော အဆင့်အတန်း ချီးမြှင့်တော်မူပါစေ။ ကျန်ရစ်သူမိသားစုကိုလည်း ကောင်းမွန်သောအစား ပေးသနားတော်မူပြီး ချီးမြှင့်တော်မူပါစေ။” လို့လည်း ဆုတောင်းပေးထားခဲ့တာပါ။

ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အစွန်းရောက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက သူတို့လက်ချက်ဖြစ်တယ်လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပြော ဆိုနေကြပေမယ့် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို မသိရသေးသလို ဒီဗွီဘီအနေနဲ့လည်း အတည်မပြုနိုင်‌သေးပါဘူး။

ဦးအောင်ကျော်မိုးတို့ မိသားစုဟာ အရင်က ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာမိသားစုဖြစ်ပြီး  လူမျိုးရေး ပဋိပက္ခတွေကြောင့် မိသားစုတကွဲတပြားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာဖြစ်တယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရမှုမတိုင်ခင် ရက်ပိုင်းကလည်း စစ်တပ်ထောက်ခံသူ အဆိုတော် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက ဖမ်းဆီးခံခဲ့ရတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးရွာထဲက သူတို့ရဲ့ နေအိမ်မှာ ပစ်သတ်ခံခဲ့ရ ပါသေးတယ်။

လတ်တလောမှာတော့ စစ်တပ်အားပေးထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်ပကိုရောက်ရှိနေသူတွေရဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်စာရင်းတွေကို ဖော်ထုတ်ကြဖို့ လှုံ့ဆော်ထားတာတွေကိုလည်း ခပ်စိပ်စိပ် တွေ့လာနေရတာပါ။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၃၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၂၉၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန် ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေ ဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013