Home
အနုပညာ
အဆိုတော် လီလီနိုင်ကျော် စစ်ဆေးရုံတွင် သေဆုံးဟု မိသားစုအတည်ပြု
DVB
·
June 6, 2023

သေနတ်ပစ်ခံရတဲ့ဒဏ်ရာနဲ့ ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ အဆိုတော် လီလီနိုင်ကျော်ဟာ ဇွန်လ ၆ ရက် မနက် ၅ နာရီခွဲလောက်က   သေဆုံးသွားပြီလို့ သူ့ရဲ့ မိသားစုဝင်က လူမှုကွန်ယက်မှာ အတည်ပြုပြောဆိုထားပါတယ်။

မေလ ၃၀ ရက် ည ၇ နာရီလောက်က  ရန်ကင်းမြို့နယ်ရှိ သူနေထိုင်တဲ့ တိုက်ခန်းအရှေ့အရောက်မှာ စီးလာတဲ့ ကားပေါ်မှာတင် သေနတ် ၂ ချက် ပစ်ခတ်ခံရတာဖြစ်ပြီး ညာနားထင်နဲ့ မေးစေ့ ကျည်ဆန်ဖောက်ဝင် စိုးရိမ်ရတဲ့ ဒဏ်ရာနဲ့ မင်္ဂလာဒုံစစ်ဆေးရုံ ပို့ဆောင်ခဲ့ရပါတယ်။

ဆေးရုံပို့ဆောင်ပြီး တပတ်အကြာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းမှာ သူကွယ်လွန်ကြောင်း Lily Naing Kyaw ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ‌" မေမေ ဆုံးပြီ " လို့ ရေးသားထားတာကို တွေ့ရပါတယ်။

စစ်တပ်နဲ့နီးစပ်သူတစ်ဦးကလည်း "ကြိုးစားပြီးတော့ ကုပေးတာပဲ၊ သွေးသွင်းပြီး အသက် ဆက်နေတာ သွေးခြောက်လုံးလောက်သွင်းတာတောင်လက်မခံတော့ဘူး ဒီနေ့မနက်ပဲ ဆုံးသွားပါတယ်"လို့ အတည်ပြုပြောပါတယ်။

အဆိုတော်လီလီနိုင်ကျော်ရဲ့ ဖခင်ဖြစ်သူမှာ စစ်တပ်မှာ အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစားယူခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ရန်ကင်းမြို့ခံတဦးက " တကယ်က အဲ့နေ့ညကတည်းက စိုးရိမ်ရ အခြေအနေ ရှိတာ၊ အသက်ရှင်နိုင်တဲ့ အနေအထား လုံးဝကို မရှိတာ၊ သေဆုံးပြီလို့ ကြေညာလိုက်ရင် သူတို့ အသိုင်းအဝိုင်းကို မထိန်းနိုင်မှာ စိုးလို့ အသက်ရှင်ပြီတို့၊ ကယ်ဆယ်နိုင်ပြီလို့ သတင်းလွှင့်ထားတာလို့ ယူဆပါတယ်၊ ၅ နာရီခွဲလောက်ကတည်းက သေပြီဆိုတာကို ရွှေသံစဉ် ဝင်းမော် ဖေ့ဘွတ်ခ်မှာလည်း တင်ထားတယ်" လို့ ဆိုပါတယ်။

လီလီနိုင်ကျော်ဟာ စစ်တပ်ရဲ့ ဗိုလ်ချုပ်အဆင့်ရှိသူတွေနဲ့ ရင်းနှီးသူဖြစ်ပြီး စစ်တပ်ထောက်ခံပွဲတွေမှာ ဟောပြောသူအဖြစ် ပါဝင်ခဲ့တဲ့ တပ်ထောက်ခံသူ တယောက်ဖြစ်ပါတယ်။

လီလီနိုင်ကျော် ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ခ်မှာ ပို့စ်တင်၊ reaction ပေးခဲ့တဲ့ နာမည်ကြီး တေးရေးဆရာ အောင်နိုင်စန်းအပါအဝင် လူငယ်တချို့ ဖမ်းဆီးခံထားရပါတယ်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းရှိ အဆောင်တခုမှာ လူငယ်အမျိုးသားတဦးကို ဖမ်းဆီးထားပြီး စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေမှာ လီလီနိုင်ကျော်ကို သေနတ်ပစ်ခတ်သူ အမျိုးသားတဦးကို ဖမ်းမိထားတယ်လို့ သက်သေမပြနိုင်ဘဲ စွပ်စွဲရေးသားထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်က မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်မှာ ‌စစ်တပ်ထောက်ခံသူအမျိုးသားရေးသမား အသက် ၆၅ နှစ်အရွယ်ရှိ ဦးတင့်လွင်(ခ) မှတ်ကြီး သေနတ် ၂ ချက်ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024