
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ရပ်ကွက် (၃) နေ အသက် ၃၃ နှစ်အရွယ် မသီတာလင်းဟာ ဇွန် ၂ ရက် က ပယောဂကုသမှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
မသီတာလင်း (၃၃)နှစ်ဟာ ကိုယ်လက်ညောင်းညာကိုက်ခဲတဲ့ဝေဒနာ ခံစားနေရပြီး ဘုရားစင်ရှေ့မှာ ခြောက်ထောက်ဆင်းထိုင်တာ၊ ဟိန်းဟောက်ကြိမ်းမောင်းဆဲဆိုတာတွေကြောင့် ပယောဂကပ်တယ် လို့ ယူဆပြီး မိသားစုက ရပ်ကွက် (၃)နေ ပယောဂတရာ ဦးမြင့်သိန်း ထံ သွားရောက် ပြသခဲ့ပါတယ်။
အောင်ပန်းမြို့ ရပ်ကွက် (၃)မှာနေထိုင်တဲ့ဒေသခံတစ်ဦးက ''သေတာကတော့ ဘယ်လိုသေလဲတော့ သေချာ မသိဘူး။ ပယောဂဆရာက မရိုက်ဘူးလို့လည်း ပြောတယ်။ သူ့တပည့်က ဆရာ လာပင့်ပေးပြီး သေဆုံးသူ အမျိုးသမီးက သူ့ခေါင်းကို သူ့ ဘာသာ ကျောက်ပျဥ်နဲ့တိုက်နေတာ။ ခုတော့ ပယောဂဆရာကို ဖမ်းထားတယ်။ ရက်လည်ပြီးရင်တော့ အဖြေသေချာသိရမှာပါ'' လို့ ပြောပါတယ်။
ပယောဂဆရာက မသီတာလင်းကို ပါးရိုက်တာ၊ ကြိမ်တုတ်၊ ရေထမ်းတံပိုးတို့နဲ့ ဦးခေါင်းရော ကိုယ်ခန္ဓာအနှံ့တို့ကိုပါ ရိုက်နှက် ကုသခဲ့ပေမဲ့ ပယောဂ မထွက်သေးဘူးလို့ ပြောတာကြောင့် နေအိမ် ပြန်ခေါ်ခဲ့ပြီး ရိုက်နှက်ကုသမှုကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကိုကုဖို့ ကလောဆေးရုံမှတဆင့် နေပြည်တော်သို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသူကို နေအိမ်သို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ပယောဂဆရာဦးမြင့်သိန်းကိုလည်း ရဲစခန်းက အမှုဖွင့်ထား ပါတယ်။











