DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် သိမ်ဇရပ်မြို့၌ စစ်တပ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရ 
DVB
·
June 3, 2023
ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် သိမ်ဇရပ်မြို့၌ စစ်တပ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရ 
Donate to DVB

တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် ရေးမြို့နယ်အစပ်ကြား KNU တပ်မဟာ ၆ နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇၊ PDF ပူးပေါင်းအဖွဲ့နဲ့ ထားဝယ်ကလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပြင် PDF ရဲဘော်တယောက်က ပြောပါတယ်။

သဲချောင်းရွာ နဲ့ လှည်းဂိတ်ရွာကြားမှာ  မေ ၃၁  ည ၇ နာရီခွဲကနေ ဇွန် ၁ ရက် မနက် ၇ နာရီခွဲအထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNU တပ်ရင်း ၂၇ မှ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က ၉ ယောက်သေဆုံးခဲ့ပြီး ၇ ယောက်ဒဏ်ရာရကာ KNLA၊ PDF ပူးပေါင်းတပ်ဘက်က ၂ ယောက် ဒဏ်ရာရရှိပြီး လယ်ထွန်စက်ကြီး ၁ စီး၊ ကား ၁ စီးနဲ့ ၆၀ မမကွန်မန်ဒိုစိန်ပြောင်းတို ၁ လက် ပျက်စီးသွားခဲ့တယ်လို့ တပ်ရင်း ၂၇ မှ တာဝန်ရှိသူက ပြောပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ဒေသခံတွေက ဝိုင်းဝန်းသယ်ဆောင်ပေးရသလို ရွာဘုန်းကြီး ကျောင်းထဲမှာလည်း ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူလည်းရှိတယ်လို့ ဒေသခံဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ထားဝယ်ဘက်က စစ်ကူလာတဲ့စစ်ကြောင်းကိုလည်း ထားဝယ်-ကလိန်အောင်ကြားမှာ ဒေသကာကွယ်ရေးတပ်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး ထိခိုက်သေဆုံးသူတွေ ရိူတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ထားဝယ်ဘက်ကို ပြန်လည်ဆုတ်ခွာခဲ့သလို ဒဏ်ရာရလူနာကို ဘုန်းကြီးကျောင်းမှာ ဆေးကုသနေ တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ရာ အနီးနား ကျေးရွာတွေက ဒေသခံတွေဟာ အလယ်စခန်းကျေးရွာနဲ့ ရေးမြို့နယ် တောင်ပိုင်းက ၉ မိုင် ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ဆိုပါတယ်။

ဇွန် ၁ ရက် မနက် ၆ နာရီလောက်ကလည်း မွန်ပြည်နယ် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတား  စစ်ဆေးရေးဂိတ်ကို KNLA နဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။

လက်နက်ကြီး/ငယ်တွေနဲ့ နှစ်ဘက် ၁ နာရီခွဲကြာ အပြန်လှန်ပစ်ခတ်ကြပြီး  ဒူးရင်းဆိပ်ရွာ အတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ကျေးလက်ကျန်းမာရေးဌာနဆေးခန်းနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသအတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ရဲတပ်ရင်း ၂၂ က ဒုရဲမှူးသီဟဇော်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ စစ်တပ်က တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၀ ယောက်လောက်ရှိခဲ့ကြောင်း၊ ပူပေါင်းတပ်က ၂ ယောက် သေဆုံးကာ ၁ ဒဏ်ရာရခဲ့တဲ့အပြင် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးအင်အားစုက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဆီကနေ စက်လက်သေနတ် ၁ လက် အပါအဝင် သေနတ် ၅ လက်၊ ဖုန်း ၂ လုံး၊ AK ကျည် ၃၁၀ တောင့်၊ ကျည်ဘောက် ၈ ခုနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။

ဒုံသမိတံတားစစ်ဆေးရေးဂိတ်ဟာ မကြာခဏ တိုက်ခိုက်ခံရပြီး နှစ်ဘက်ထိခိုက်ကျဆုံးတာတွေ ရှိပါတယ်။ 

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ မြသိန်းတန်ဘုရားအရှေ့ဘက်မှာ ဇွန် ၁ ရက် ညနေက အမြောက်တပ် အရာရှိ ဗိုလ်တင်မောင်အေးနဲ့ တပ်ကြပ်ကြီး ၃ ဦး စီလာတဲ့ ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Soul Takers _Yangon Underground Force အဖွဲ့နဲ့ မိတ်ဖက် အဖွဲ့ ပူးပေါင်းအဖွဲ့ကလုပ်ဆောင်ခဲ့တာလို့ Soul Takers Yangon Underground Force ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“ကားမှာ မီးလောင်ပျက်စီးသွားပြီး  ညတွင်းချင်းဘဲ ကားကို ပြန်သယ်သွားတယ်။ လက်နက်တွေ ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုကိုတော့ မသိရဘူး။”

မိုင်းဆွဲခံရပြီးနောက် သိမ်ဇရပ်မြို့တွင်း လုံခြုံရေးတိုးမြင့်ချထားတာကြောင့် သတိထား သွားလာကြဖို့ ဒေသကာကွယ်ရေးတပ်က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013