
နေပြည်တော်မှာ အငှားယာဥ်ဝန်ဆောင်မှု လုပ်ကိုင်နေတဲ့ လူငယ်တယောက်ကို စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲက တပ်မြို့လို့ လူသိများတဲ့ မိတ္ထီလာမြို့နယ်မှာ သတ်ဖြတ်ပြီး ကားလုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခွဲက အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံအနီးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ကို နွားကျောင်းသားလေးက တွေ့ခဲ့ပြီး ရွာကလူကြီးတွေကို ပြောပြလို့ ကျေးရွာကတဆင့် ရဲစခန်းကို ဖုန်းဆက်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အလောင်းကို နွားကျောင်းသားလေးက တွေ့ပြီး ရွာကိုပြန်ပြော၊ ရွာကတဆင့် ရဲတွေကို အကြောင်းကြားတာ။ လုယက် သတ်ဖြတ်သွားတာ မကြာသေးဘူး ရဲတွေက ပြောတယ်။”
သေဆုံးသူမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူ အသက် ၃၄ အရွယ်ရှိ ကိုဝင်းကို ဖြစ်ပြီး အငှားယာဥ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကာ မနေ့ညနေ ၄ နာရီခွဲက မိတ္ထီလာမြို့နယ်မှာ လုယက်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“မနေ့ညနေ ၄ နာရီခွဲက သူ့မိဘတွေက သူ့ကို ဖုန်းဆက်တော့ တခြားသူက ကိုင်ပြီး မိတ္ထီလာ ရောက်နေတယ်လို့ ပြောလို့ စိုးရိမ်ပြီး ရဲစခန်း ဖုန်းဆက်အကြောင်းကြားတာ၊ ဖုန်းဆက်ပြီး မကြာဘူး ရဲတွေ လိုက်ရှာတာ၊ အလောင်းပဲ ပြန်ရတော့တယ်။ မိဘတွေကလည်း သူ့သားအလောင်းဆိုတာ အတည်ပြုပေးတယ်။”
ပြစ်မှုကျူးလွန်သူတွေဟာ ကိုဝင်းကိုအား သတ်ပြီး 9Q/4825 Hyundai Accent ကားအဖြူရောင်ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူတွေကို မိတ္ထီလာမြို့နယ် ရဲစခန်းက ကနဦး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးကတည်းက မိတ္ထီလာမြို့နယ်မှာ ကားနဲ့ ဆိုင်ကယ် လုယက်မှုတွေ နှစ်စဥ် ဖြစ်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူတွေ အနည်းငယ်သာရှိပြီး အများစုကိုတော့ ဖမ်းဆီးရမိတာ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။











