DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဝင် ကရင်နီခေါင်းဆောင်များနှင့် ပြည်သူများကို ဦးညွှတ်ကြောင်း NUG ထုတ်ပြန်
DVB
·
June 1, 2023
တိုက်ပွဲဝင် ကရင်နီခေါင်းဆောင်များနှင့် ပြည်သူများကို ဦးညွှတ်ကြောင်း NUG ထုတ်ပြန်
Donate to DVB

ကရင်နီအမျိုးသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေးနဲ့ တရား မျှတရေးတို့အတွက် အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ စွန့်လွှတ်ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကရင်နီ အမျိုးသားခေါင်းဆောင်တွေနဲ့တကွ ကရင်နီပြည်သူတရပ်လုံးကို အစဉ် အောက်မေ့ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

မေ ၃၁ ရက်မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီးတော့ ကရင်နီအမျိုးသား ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ကိုတော့ ပြီးခဲ့တဲ့ ​၂၀၂၁ ခုနှစ် မေ ၃၁ ရက်မှာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ခုခံကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ်အပြီး တိုင် ချေမှုန်းအမြစ်ဖြတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကရင်နီအမျိုးသားလူငယ်တွေက ဦးဆောင် ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

စတင်ဖွဲ့စည်း တည်ထောင်ချိန်ကစပြီး အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်နဲ့ ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်ခဲ့ကြပြီး ၂ နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး စည်းကမ်းသေဝပ်တဲ့ တပ်မတော်တရပ်အဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ကရင်နီ(ကယား) ပြည်နယ်ကို လေကြောင်း၊ လက်နက်ကြီး၊ အမြောက်၊ သံချပ်ကာ၊ အတွဲလိုက်ပစ်ဒုံးတွေ အလွန်အကျွံ သုံးစွဲပြီး နေ့စဉ်နဲ့အမျှ ပြင်းထန်စွာ ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြည်နယ်ထဲက တော်လှန်ရေး အင်အားစုတွေက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ကူပေးရာမှာ အဆမတန် သာလွန်ကွာခြားတဲ့ အကြမ်းဖက်စစ်တပ်ကို ကြံ့ကြံ့ခိုင်ခုခံတွန်းလှန်နေကြတဲ့အပြင်များစွာ အထိနာစေတဲ့အထိ ပြန်လည်တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်၊ တန်းတူရေးနဲ့ တရားမျှမှုကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် နွေဦးတော်လှန်ရေးပြည်သူ့ခုခံတွန်းလှန်စစ်ကို ပန်းတိုင်ရောက်ရှိသည်အထိ လက်တွဲမဖြုတ် အတူဆက်လက် ဆင်နွှဲကြဖို့လည်း NUG အစိုးရက အလေးအနက် တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်းမှာတော့ ကရင်နီ (ကယား) ပြည်နယ်ထဲမှာ တိုက်ပွဲ အကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013