Home
မြန်မာသတင်း
မြိတ်-တနင်္သာရီကားလမ်းနှင့် ကလိန်အောင်-ကံပေါက်လမ်းတို့တွင် စစ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
May 31, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်ဘက်ကို လာတဲ့လမ်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မေ ၃၁ ရက် မနက်အစောပိုင်းမှာ မြိတ်ကနေဆင်းလာတဲ့ စစ်ကောင်စီကား ၅ စီးပါ ယာဉ်တန်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်မှာ ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

“စစ်ကားက ၅ စီး တက်လာတာလို့ပြောတယ်။ စစ်ကား‌တွေ မိုင်းဆွဲခံရတာက ချောင်းညီကိုရွာတို့ ညောင်ပင်ကုန်းရွာတို့ ရမ်းဖိုရွာဘက်နားမှာလည်း မိုင်းဆွဲခံရတာပါ။ ဘန်းလမွတ်အုပ်စုထဲကပေါ့။ ကား ၂ စီးကတော့ မိုင်းထိတယ်။”

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မိုင်းထိတဲ့စစ်ကားတွေမှာ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး။ ဗိုလ်တဦးလည်း မိုင်းထိတဲ့ကားမှာ ပါတယ်လို့ ပြောတယ်။ သူတို့က အရပ်သားကားတွေနဲ့ရောပြီး လာကြတာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီယာဉ်တန်း ပြန်ဆုတ်ခွာသွားပြီး မနက် ၆ နာရီကျော်လောက်မှာ မော်တုံးအမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။

မြိတ်-တနင်္သာရီ ကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိပြီး ပြီးခဲ့‌တဲ့ မေ ၁၇ ရက်ကလည်း ဘန်းလမွတ်ရွာအနီး ၄၃၃ တောင်ကြားမှာ မိုင်းဆွဲခံရကာ ၅ ဦးကျော် ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နဲ့ ကလိန်အောင်မြို့နယ် မြို့နယ်ချင်းဆက်လမ်း ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မေ ၃၁ ရက် မနက် ၆ နာရီလောက်က စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကလိန်အောင်-ကံပေါက်လမ်းပိုင်းရှိ ကံပေါက်ကျေးရွာအုပ်စု ဆိုင်းဘုတ်အနီးက ပြင်ပို့တောင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

“မိုင်းထိပြီးတာနဲ့ စစ်တပ်ကလာပြီး မိုင်းရှင်းနေလို့ လမ်းကို တနာရီလောက် ပိတ်ထားတယ်” လို့ ပိတ်မိခဲ့တဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။

မိုင်းဆွဲခံရမှုကြောင့် သေဆုံးမှုရှိမရှိ အတည်မပြုနိုင်ပေမဲ့ ဒဏ်ရာရသူတွေကိုတော့ စစ်ကားတစီးနဲ့ မောရဝတီရေတပ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုမိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

မိုင်းဆွဲခံရပြီးနောက် ကလိန်အောင်-ကံပေါက်လမ်းပိုင်းနဲ့ ကလိန်အောင်-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ စစ်ဆေးတင်းကြပ်နေခဲ့ပါတယ်။

ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မောရဝတီရေတပ်က ဦးဆောင်ပြီး နေ့တိုင်းနီးပါး စစ်ကားနဲ့ ကင်းလှည့်ကာ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးတာ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၉ ရက်မှာ ကလိန်အောင်မြို့နယ် ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၂ ခု တိုက်ခိုက်ခံရပြီးနောက် ကလိန်အောင်-ထားဝယ်လမ်းပိုင်းနဲ့ ကလိန်အောင်-ကံပေါက် လမ်းပိုင်းတွေမှာ စစ်ကောင်စီက အင်အားတိုးပြီး အစစ်အဆေး တင်းကျပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလနဲ့ အခုနှစ် မတ်လတွေမှာလည်း ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းတွေ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024