DVB Logo
Home
မြန်မာသတင်း
ကျဆုံးကရင်နီဆေးတပ်ဖွဲ့ရဲဘော် ၄ ဦးကို အာဇာနည်အဖြစ် အသိအမှတ်ပြု
DVB
·
May 31, 2023
ကျဆုံးကရင်နီဆေးတပ်ဖွဲ့ရဲဘော် ၄ ဦးကို အာဇာနည်အဖြစ် အသိအမှတ်ပြု
Donate to DVB

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရဲတဲ့ ဆေးတပ်ဖွဲ့ ရဲဘော် လူငယ် ၄ ယောက်ကို အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ကျဆုံးခဲ့တဲ့ လူငယ် ၄ ယောက်ကတော့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union - KRU) ရဲ့ Medic Unit (Demoso) ဆေးတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် ရဲမေ Caroline Khine Lin၊ အသက် ၂၀ အရွယ် ရဲမေ Angela၊ အသက် ၁၉ နှစ်အရွယ် ရဲဘော် မြထွေးနဲ့ အသက် ၂၂ နှစ်အရွယ် ရဲဘော် ဘော့စကိုတို့ ဖြစ်ကြပြီး သူတို့ဟာ ပြီးခဲ့တဲ့ မေ ၂၇ ရက်က ရှေ့တန်းတနေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြင့်မြတ်စွာ ကျဆုံးခဲ့ကြတာပါ။

အဆိုပါဆေးတပ်သားတွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဖြစ်ကြပြီး NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းလည်း ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်းမှာတော့ ကရင်နီ (ကယား) ပြည်နယ်ထဲမှာ  တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူ အယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်အထိ ရရှိတဲ့ စာရင်းတွေအရ သိရတာဖြစ်ပြီး ကရင်နီ ပြည်နယ်တွင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှုကတော့ ၃၆၃ ကြိမ်ထိရှိခဲ့ကာ ပျက်စီးသွားတဲ့နေအိမ် ၁,၄၉၇ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၃၄ လုံး ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ မတရား ဖမ်းဆီးခံထားရသူ အရေအတွက်ကတော့ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013