DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုနှင့် ဘီးလင်းတွင် တိုက်ပွဲဖြစ်၊ ရေးမြို့နယ်၌ PDF ၂ ဦး လက်နက်ဖြင့် စစ်ကောင်စီထံ ဝင်ရောက်
DVB
·
May 31, 2023
ကျိုက်ထိုနှင့် ဘီးလင်းတွင် တိုက်ပွဲဖြစ်၊ ရေးမြို့နယ်၌ PDF ၂ ဦး လက်နက်ဖြင့် စစ်ကောင်စီထံ ဝင်ရောက်
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အကြား သံတံတားစစ်ကောင်စီကင်းစခန်းမှာ မေ ၃၁ ရက် မနက် ၅ နာရီခွဲက ကျိုက်ထို-သထုံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကင်းစခန်းကို မြေပြင်မှာ အရင် နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုပြီးမှ ကျိုက်ထို-သထုံ တော်လှန်ရေးပူးပေါင်းအဖွဲ့က မနက် ၈ နာရီ ၅၀ မိနစ်မှာ ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို-သထုံ တော်လှန်ရေးပူးပေါင်းအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ များပြားပြီး မြေပြင်အခြေအနေအရ အတိအကျ မသိရဘဲ ကျိုက်ထို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်ကတော့ ထိခိုက်ထားတာ ရှိပေမဲ့ မစိုးရိမ်ရဘူးလို့ ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် ကားလမ်းမကြီးမှာ ကားတွေ ဖြတ်သန်းသွားလာတာမရှိဘဲ ကားတွေ ပိတ်ဆို့နေခဲ့တယ်လို့ ကျိုက်ထိုဒေသခံတယောက်က ပြောပါတယ်။

ကျိုက်ထိုမြို့ ဘိုက္ကားအမြောက်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် လှည်းလမ်းကူးရွာသားတဦးနဲ့ ကလေးတယောက် လက်နက်ကြီးကျည်ဆန် ထိမှန်ထားပြီး ကလေးက စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အထွက် တံတားဖြူမှာ ဘီးလင်းဘက်ကလာသမျှ ကားနဲ့ ဆိုင်ကယ်တွေကို အစစ်ဆေးကြမ်းပြီး စစ်ကောင်စီတပ်ဘက်က လုံခြုံရေး တင်းကျပ်လိုက်ပါတယ်။

အဆိုပါ ကျိုက်ထို သထုံတိုက်ပွဲမှာ ထိခိုက်ကျဆုံးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိ‌သေးပါဘူး။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ PDF လူငယ် ၂ ယောက် ဝင်ရောက်လာလို့ မေ ၃၀ ရက် မနက်က စစ်ကောင်စီ စကခ ၁၉ တပ်နယ်ခန်းမမှာ မိဘတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

မေ ၁၃ ရက်က ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့ PDF လူငယ်နှစ်ယောက်ဟာ လက်နက်နဲ့အတူ ဝင်ရောက်လာတာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

“ပြီးခဲ့ရက်တွေက ရေးမြို့နယ်တောင်ပိုင်း အခြေစိုက် ရာမညပြောက်ကျားတပ်ဖွဲ့ဘက်ကနေ လက်နက်ငယ်နဲ့အတူ PDF ရဲဘော် ထွက်ပြေးသွားတာ ဟုတ်တယ်။ သူ့အဖေ ရဲတပ်ကြပ်က လက်ရှိ In service ပါ။ သူက PDF တွေကို စုံစမ်းထောက်လှမ်းခဲ့တာဖြစ်ပြီး PDF အဖွဲ့မှာ စကစ လူတွေ ရှိနေတာ မဆန်းပါဘူး။ စကစဘက်က သူလျှိုလွှတ်တာ ရှိမှာပဲလေ။ သူ့ကိုယ်သူ မလုံခြုံမှန်းသိလာလို့ ပြန်ထွက်တာပဲလို့ ထင်တာပဲ” လို့ ရေး PDF တွေက ပြောပါတယ်။

ရေးမြို့ ပြည်သူ့ကာကွယ်ရေး YSTF အဖွဲ့ခေါင်းဆောင် စောသာစေးက “ပြောရရင်တော့ စကစဟာ သွေးအေးတယ်။ သူလုပ်စရာရှိတာကို ဖြည်းဖြည်းချင်း တည်ဆောက်ပြီး တော်လှန်ရေးကို စနစ်တကျ ဖျက်ဆီးဖို့ ကြံစည်ထားပြီးသားလေ။ ဒါကြောင့် ကျနော်တို့ တော်လှန်ရေးခေါင်းဆောင်တွေ အနေနဲ့က ပညာဉာဏ်သတိ ကြီးမားရမှာဖြစ်သလို တက်သစ်စ လူငယ်ရဲဘော်တွေကိုလည်း နွေးထွေးအနီးကပ်နေပြီး ထိန်းကျောင်းပေးနေရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

“အဓိက ပြင်ဆင်ရမှာက စနစ်တကျ တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် မိမိတို့ဘက်က အင်အားကြီးမားလာအောင် မဖြစ်မနေ ကြိုးစားရပါမယ်။ အဓိကက လူငယ်(ရဲဘော်)တွေကို အသိဉာဏ် တိုးတက်လာအောင် ဆွဲခေါ်ရပါမယ်။ ‌တော်လှန်‌ရေးလောကကို စိတ်ကုန်ပြီး ထွက်ပြေးသွားသူ တယောက်မှ မရှိသေးဘူး ဆိုတာကိုလည်း မီဒီယာကို ဖွင့်ပြောရဲပါတယ်။ အစတည်းက သန္ဓေမမှန်တဲ့သူတွေကိုတော့ လက်မခံထားဘူးလေ။ စကစက အဘက်ဘက်က ပျက်သုဉ်းနေပေမဲ့ လူငယ်တွေရဲ့ အနာဂတ်ကိုလည်း အဘက်ဘက်က ပျက်သုဉ်းအောင် အဆုံးစွန်းအထိ ဆွဲချသွားမှာ ဖြစ်ပါတယ်။”

အခုတော်လှန်ရေးကို ဘက်ပေါင်းစုံကနေ ကြည့်ရင် စကစဘက်က ကျရှုံးလာလို့ အခုလို စိတ်ဓာတ်စစ်ဆင်ရေးမှာ လူတွေကို လှည့်စားဖို့ ကြိုးစားလာတာကို မြင်ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013