Home
မြန်မာသတင်း
ရခိုင်တွင် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ဆက်သွယ်ရေးမိုဘိုင်းစခန်း ၇၅၀ ကျော် ပြန်ပြင်ပြီး
DVB
·
May 30, 2023

ရခိုင်ပြည်နယ်မှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာ မိုဘိုင်းစခန်း ၉၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ၇၀၀ ကျော် ပြန်ပြင်ပြီးသွားပြီလို့  ပြည်နယ်ဆက်သွယ်ရေး တာဝန်ရှိသူတွေထံက သိရပါတယ်။

ပြည်နယ်ဆက်သွယ်ရေးတာဝန်ရှိသူတဦးက “ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးအော်ပရေတာ  မိုဘိုင်းစခန်း ၁,၂၃၃ ခုရှိတယ်။ မုန်တိုင်းကြောင့် မိုဘိုင်းစခန်း ၉၀၄ ခု ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ရတယ်။ လက်ရှိမှာ ၇၆၈ ခု ပြင်ဆင်ထားပြီးပါပြီ” လို့ ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ ဆက်သွယ်ရေး တာဝါတိုင်ကြီး ပြိုလဲပျက်စီးသွားခဲ့သလို မြို့နယ်တချို့မှာလည်း ဆက်သွယ်ရေးတာဝါတိုင်တွေ ပြိုလဲခဲ့ကာ ဖိုင်ဘာဆက်သွယ်ရေးလိုင်းတွေပါ ပြတ်တောက်ခဲ့ရပြီး မြို့နယ်အားလုံးနီးပါး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်ခဲ့တာပါ။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့နေရာတွေမှာ MPT က Satellite Terminal လို့ခေါ်တဲ့ ယာယီ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတွေ တည်ဆောက်ပေးထားကြောင်း မေ ၂၄ ရက်မှာ ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်နယ်ဆက်သွယ်ရေးတာဝန်ရှိသူတဦးက “ရန်ကုန်ကရောက်လာတဲ့ ရွေ့လျားမိုဘိုင်းကားတွေနဲ့ စစ်တွေမြို့မှာ ဖုန်းလိုင်းတွေနဲ့ ဖိုင်ဘာဆက်သွယ်ရေးလိုင်းတွေကိုပါ ပြန်လည် ပြင်ဆင်ပေးထားတယ်။ ကျန်ခဲ့တဲ့ မိုဘိုင်းစခန်း ၃၂၉ ခုနဲ့ မြေပေါ်မြေအောက် ဖိုင်ဘာဆက်ကြောင်းတွေနဲ့ ပြောင်းလဲချိတ်ဆက်ထားတယ်။ မိုဘိုင်းစခန်း ပြုပြင်ပြီးစီးမှုတွေကတော့ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်း ၇၆၈ ခု ပြန်လည်ပြုပြင်နိုင်ခဲ့ကြတယ်”လို့ ပြောပါတယ်။

လက်ရှိ စစ်တွေမြို့ အပါအဝင် မုန်တိုင်းသင့်မြို့နယ်အများစုမှာ မုန်တိုင်းတိုက်ပြီးနောက် ၂ ပတ်ကျော်အကြာ MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024