DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဖွင့်ကျောင်းများအား အသိအမှတ်မပြုမှု စနစ်ကိုဆန့်ကျင်နေခြင်းဖြစ်ဟု NUG ပညာရေး ဒုဝန်ကြီး ပြော
DVB
·
May 29, 2023
စစ်တပ်ဖွင့်ကျောင်းများအား အသိအမှတ်မပြုမှု စနစ်ကိုဆန့်ကျင်နေခြင်းဖြစ်ဟု NUG ပညာရေး ဒုဝန်ကြီး ပြော
Donate to DVB

စစ်တပ်ကဖွင့်တဲ့ ကျောင်းတွေကို NUG က အသိအမှတ်မပြုဘူးဆိုတာ စနစ်ကို ဆန့်ကျင်နေတာ ဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က ဆိုပါတယ်။

တရားမဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ လက်ပါးစေ ကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ဘကကျောင်းတွေရဲ့ အတန်းတင်သတ်မှတ်ချက်တွေဟာ တရားမဝင်ဘူး ဆိုတာကို အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်လို့ မေ ၂၈ ရက် မနေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထပ်ပြီး ကြေညာထားပါတယ်။

ဒီကျောင်းတွေကို NUG က အသိအမှတ်မပြုဘူး ဆိုတာနဲ့ပတ်သက်ပြီး နားမလည်လို့ မေးမြန်းကြတာတွေအပေါ် အနည်းငယ် ဖြေကြားလိုတယ်ဆိုပြီး ဒုဝန်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဒီနေ့ ဖော်ပြပြောဆိုလာတာပါ။

“စကစဟာ တရားမဝင်တဲ့အစိုးရ ဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်သမျှကိစ္စတွေ အတန်းတင်ခြင်း သတ်မှတ်ခြင်းကိစ္စတွေ တရားမဝင်ဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ သူ့အလိုလို တရားမဝင်ဖြစ်သွားတဲ့ သဘောပါ။ စနစ်ကို ဆန့်ကျင်နေတာဖြစ်ပြီး၊ အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာ မဟုတ်ပါ။ ကြားကာလပညာရေးအတွက် စကတည်းက ကျမတို့ နှိုးဆော်နေတာက စဉ်ဆက်မပြတ်ပညာရေးရရှိဖို့နဲ့ ပုံစံအမျိုးအမျိုး၊ နည်းလမ်းအဖုံဖုံနဲ့ ပညာသင်ယူကြဖို့ တောက်လျှောက်စေ့ဆော်ခဲ့ပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် စာကိုကျက် စာမေးပွဲဖြေ စာမတတ်ပေမယ့် အတန်းတက်တဲ့ စနစ်ကိုလည်း ပြောင်းလဲဖို့ လိုအပ်တာကြောင့် အသက်အရွယ်အလိုက်ရှိရမယ့် တတ်မြောက်မှုကို အဓိကထားဖို့လည်း နှိုးဆော်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ လက်ရှိ သင်ရိုးကို အခြေခံထားတဲ့ အသက်အရွယ်အလိုက် ရှိရမယ့် တတ်မြောက်မှု စံနှုန်းတွေကိုလည်း ထုတ်ပြန်ခဲ့သလို အခုလည်း ဆရာ၊ ဆရာမတွေကို TOT training တွေ စပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ပညာရေးကျောင်းတွေ၊ ဖက်ဒရယ် အွန်လိုင်းကျောင်းတွေမှာတော့ ဆရာ၊ ဆရာမတွေရဲ့ အားထုတ်မှုတွေနဲ့ အဲဒီ အသီးအပွင့်တွေ စတင်ခံစားရမှာဖြစ်သလို တော်လှန်ရေးပြီးရင်တော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောထားပါတယ်။

“ကြားကာလမှာ ပုံစံအမျိုးမျိုးနဲ့ သင်ကြားရတဲ့ ကျောင်းသားအားလုံးကို တော်လှန်ရေး ပြီးချိန်မှာ ပြည်သူ့အစိုးရရဲ့ မူဝါဒတွေအတိုင်းပဲ ဆက်လက် လက်ခံသွားရမှာဖြစ်ပါတယ်။ ပြောချင်တာက ကြားကာလပညာရေးအတွက် မိမိလက်လှမ်းမီရာ ပညာရေးကို သင်ယူကြပါ။ ဖက်ဒရယ်ပညာရေး သဘောတရားတွေ၊ မူဝါဒတွေ၊ ပညာရေးစနစ်တွေအကြောင်း သိရှိလာအောင်လည်း လေ့လာပါ။ အတန်းတက်တာထက် ကိုယ့်ရဲ့တတ်မြောက်မှု တိုးတက်လာဖို့ ဦးစားပေးပါ။ ကိုယ် လေ့လာကြိုးစားလို့ တိုးတက်ရရှိလာတဲ့ သိရှိတတ်မြောက်မှုကိုတော့ ဘယ်သူကမှ ငြင်းပယ်လို့ မရပါ” လို့ ဝန်ကြီးက ဆက်ပြောထားပါတယ်။

ပြီးတော့ တော်လှန်ရေးထဲမှာ စွမ်းစွမ်းတမံ ပါဝင်နေတဲ့ CDM ကျောင်းသူ ကျောင်းသားတွေအတွက်လည်း အထူးသီးသန့် ပညာရေးအစီအစဉ်တွေ၊ အခြား အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

“နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ အခုချိန် နိုင်ငံသားတွေ အကျပ်အတည်း တွေ့နေချိန် ဖြစ်တယ်။ ကြီးမားတဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲနေရတယ်။ အဲဒီထဲမှာ လူငယ်တွေ၊ လူကြီးတွေ အများအပြား ဘဝတွေ၊ အသက်တွေနဲ့ရင်းပြီး ပေးဆပ်နေကြတယ် ဆိုတဲ့ အသိကြီးကို လွှတ်မသွားဖို့ပါပဲ။ ကိုယ်ချင်းစာတရားတွေနဲ့ နေထိုင်ပေးကြဖို့ပဲ တိုက်တွန်းလိုပါတယ်” လို့ ဝန်ကြီးက ရေးသားပြောဆိုထားပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူမိဘတွေအနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုး တည်တံ့သက်ဆိုးမရှည်နိုင်ဘဲ အမြန်ဆုံး အပြီးတိုင် ကျဆုံးစေရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်တွေကို ဒူးထောက် အညံ့ခံ ပူးပေါင်းတာ မပြုလုပ်ဘဲ နေအိမ်အခြေပြု သင်ယူတာ၊ ပြည်သူ့အခြေပြု‌ကျောင်းတွေမှာ သင်ယူတာနဲ့ လက်လှမ်းမီရာ နည်းလမ်းအမျိုးမျိုးနဲ့ စဉ်ဆက်မပြတ် ပညာသင်ယူကြဖို့ တိုက်တွန်းထားပါတယ်။ပြီးတော့ နေအိမ်အခြေပြုသင်ယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနရဲ့ Myanmar Basic Education Home (MBEH Bluemark Official Page) Link >>  https://www.facebook.com/BE.moeNUG/ နဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ် ရရှိထားတဲ့ ပြည်သူ့အခြေပြုအခြေခံပညာရေးကျောင်းတွေ https://moe.nugmyanmar.org/be/onlineschools မှာ သင်ယူကြဖို့လည်း လမ်းညွှန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013