
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနက ဦးစီးပြီး ရောင်းချခဲ့တဲ့ အာရက္ခလောင်ပေါ်ရဲ့ ပထမအကြိမ် ထီဖွင့်ပွဲကို ရခိုင်ပြည်နယ်အတွင်းမှာ ဇူလိုင် ၁ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
အာရက္ခလောင်ပေါ်ရဲ့ အမြင့်ဆုံး ဆုကြေးဖြစ်တဲ့ ကျပ်သိန်း ၅၀၀ ဆုကို လောင်ပေါ်နံပါတ် ၃၂၃၆၉၂၊ ဒုတိယဆု ကျပ်သိန်း ၃၀၀ လောင်ပေါ်နံပါတ် ၁၁၆၄၈၂၊ တတိယဆု ကျပ်သိန်း ၂၀၀ လောင်ပေါ်နံပါတ် ၀၇၉၆၄၅ နဲ့ စတုတ္တဆုအဖြစ် ကျပ်သိန်း ၅၀ လောင်ပေါ်နံပါတ် ၃၃၁၀၀၄၊ ၁၆၈၄၄၇၊ ၂၂၀၅၃၈၊ ၁၁၀၀၃၆၊ ၂၉၂၆၇၈၊ ၁၆၅၅၅၅ တို့က ပေါက်ခဲ့ကြတာဖြစ်ပါတယ်။
အာရက္ခလောင်ပေါ်ကို ဇွန် ၁ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ရခိုင်ပြည်သူတွေအကြား စိတ်ဝင်စားမှုနဲ့ ဝယ်ယူအားပေးမှု မြင့်တက်ခဲ့ကာ ထီလက်မှတ်တွေ ပြတ်တောက်ခဲ့တဲ့အထိ ရောင်းအားကောင်းခဲ့တာလည်း ဖြစ်ပါတယ်။
အာရက္ခလောင်ပေါ် ကံထူးရှင်တွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး ကိုယ်ရဲ့ ဆုငွေတွေကို သတ်မှတ်ကာလအတွင်း ထုတ်ယူကြဖို့ကိုလည်း အကောက်အခွန်နဲ့ အခွန်ဌာနဘက်က ပြောထားပါတယ်။
မြောက်ဦးဒေသခံတယောက်က “အာရက္ခလောင်ပေါ် ဖွင့်ပွဲ ဒီနေ့ ပြုလုပ်ခဲ့တာရှိတယ်။ ပြည်သူတွေလည်း ရင်ခုန်စွာနဲ့ စောင့်ကြည့်ခဲ့ကြတာရှိတယ်။ အချို့ပေါက်တဲ့ ကံထူးရှင်တွေလည်း ထွက်ပေါ်လာတာ တွေ့နေရပြီ” လို့ပြောပါတယ်။
အာရက္ခလောင်ပေါ်ဖွင့်ပွဲကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အွန်လိုင်းပေါ်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်ကာ ထီလက်မှတ်တွေရဲ့ ပေါက်မဲနံပါတ်တွေ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနမှ ဦးဆောင်ပြီး အာရက္ခလောင်ပေါ်ကို ရောင်းချပေးခဲ့တာဖြစ်ပြီး အဲဒီက ရရှိတဲ့ အခွန်ငွေတွေနဲ့ ရခိုင်ပြည်အတွင်းက ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့လည်း ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက စစ်ကောင်စီရဲ့ ထီရောင်းချမှုတွေ ရပ်တန့်နေတာဖြစ်ပြီး လက်ရှိမှာ အာရက္ခပြည်သူ့အစိုးရက အာရက္ခလောင်ပေါ် ထီလက်မှတ်တွေကို ရောင်းချလာတာလည်း ဖြစ်ပါတယ်။










