DVB Logo
Home
မြန်မာသတင်း
ညောင်ဦးခရိုင်တွင် နေ့ ၃ နာရီ၊ ည ၃ နာရီသာ လျှပ်စစ်မီးရ
DVB
·
May 24, 2023
ညောင်ဦးခရိုင်တွင် နေ့ ၃ နာရီ၊ ည ၃ နာရီသာ လျှပ်စစ်မီးရ
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်တွေမှာ ၂၀၂၃ ခုနှစ် မေလအတွင်း တနေ့တာ လျှပ်စစ်မီး နေ့ ၃ နာရီနဲ့ ည ၃ နာရီသာ ရရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညောင်ဦးခရိုင်မှာ ညောင်ဦးမြို့နယ်အတွင်း ပုဂံမြို့သစ်၊ ပုဂံမြို့ဟောင်း၊ ညောင်ဦးမြို့၊ ငါ့သရောက်မြို့နဲ့ ကျောက်ပန်းတောင်းမြို့နယ်မှာ ကျောက်ပန်းတောင်းမြို့၊ လက်ပံပျားတိုက်နယ်တို့ ပါဝင်တာဖြစ်ပါတယ်။

ညောင်ဦးခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက မေ ၇ ရက် ထုတ်ပြန်ချက်အရ ခရိုင်အတွင်း လျှပ်စစ်ဖြန့်ဖြူးရေးနေရာ ၄ ခု သတ်မှတ်ခဲ့ပြီး နေ့ ၃ နာရီ၊ ည ၃ နာရီ အလှည့်ကျ မီးပေးဝေနေတာလို့ သိရပါတယ်။

၂၀၂၃ ဧပြီလက တနေ့တာလုံး လျှပ်စစ်မီး ၁၂ နာရီခန့် ပေးဝေနေရာကနေ အခုလို လျှပ်စစ်ဓာတ်အား လျှော့ပေးတာကို ကြုံရတာကြောင့် ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆေးရုံဆေးပေးခန်းတွေနဲ့ လူနေအိမ်တွေ နစ်နာဆုံးရှုံးနေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျောက်ပန်းတောင်း ခွဲတမ်းကျတော့ တရက်ကို ၆ နာရီပေးတယ်။ သူတို့ရုံးက နားလည်မှုနဲ့ နေ့ ၃ နာရီ ည ၃နာရီ ပေးပါတယ်။ ညောင်ဦးခရိုင်တခုလုံး အကျုံးဝင်ပါတယ်။ အရင်လတွေနဲ့ဆို အခုက ပိုနည်းတာပေါ့။ ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကဆိုရင် ည ၈ နာရီလာရင် မနက်ပိုင်း ၆ နာရီအထိ ပုံမှန်လာတယ်။ ကျန်တဲ့နေရာကျတော့ နေ့ တနေကုန်လာရင် ည မလာတော့ဘူး။ အခုဟာတော့ သူတို့ တရက်ကို ၆ နာရီလို့ သတ်မှတ်ထားတယ်” လို့ ကျောက်ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

လျှပ်စစ်မီးပုံမှန်မလာတာကြောင့် ပရဟိတအသင်းတွေမှာ အောက်စီဂျင်စက်နဲ့ တခြား ကယ်ဆယ်ရေးပစ္စည်းတွေကို မီးစက်သုံး မောင်းနှင်နေရပြီး ကုန်ကျစရိတ် ပိုမိုများပြားလာကာ အိမ်တွေကလည်း ထင်း၊ မီးသွေးနဲ့သာ ထမင်း ဟင်း ချက်ပြုတ်လာကြတယ်လို့ သိရပါတယ်။

“အဓိက အောက်စီဂျင်စက်တွေပေါ့၊ မီးမလာတဲ့အခါ‌ကျတော့ တခြားလောင်စာဆီသုံး ဂျင်နေရတာတွေပဲ သုံးရတယ်။ လျှပ်စစ်မီးလာတော့မှ အချိန်းအပြောင်း လုပ်ပြီးတော့မှ ကူညီပေးနေရပါတယ်။ အရေးကြီး စာရွက်စာတမ်း ထုတ်တဲ့အခါမျိုးကျတော့ မီးစက်ဖိုး ဘာဖိုးနဲ့ဆို ပုံမှန်ထက် ၂ ဆလောက်ကို ဈေးတက်သွားတာပေါ့။ အိမ်တွေဆိုလည်း ထမင်းတည်တဲ့အခါ ပေါင်းအိုးတွေ မချက်ရတာ များတယ်။ နဂိုရှိရင်းစွဲ ထင်း၊ အစားထိုးနဲ့ပဲ ချက်ကြတယ်” လို့ ကျောက်ပန်းတောင်းအခြေစိုက် ကယ်ဆယ်ရေးအသင်းတာဝန်ခံက ပြောပါတယ်။

ခရီးသွားမြို့တော်ဖြစ်တဲ့ ညောင်ဦးမြို့နယ်ထဲက ပုဂံမြို့ဟောင်းနဲ့ မြို့သစ်တွေမှာလည်း လျှပ်စစ်မီးပုံမှန်မရတာနဲ့ မေလအတွင်း မိုခါမုန်တိုင်းကြောင့် သစ်ပင်လဲ ဓာတ်တိုင် ပြိုလဲမှုတွေကြောင့် ခရီးသွားဟိုတယ်လုပ်ငန်းနဲ့ ရပ်ကွက်တချို့က လူနေအိမ်တွေ မီးမကြာခဏ ပြတ်တောက်နေမှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပုဂံမြို့မှ ဟိုတယ်ပိုင်ရှင်တဦးက “နေ့ ၃ နာရီထက်ကို တချို့ရပ်ကွက်တွေမှာ မုန်တိုင်းပြီးကတည်းက အခုချိန်အထိ မီးမရတဲ့ ရပ်ကွက်တွေက ရှိသေးတာပေါ့။ အဲဒီနေရာတွေဆို ရေပါတင်မရတော့ ရေအခက်အခဲပါ ရှိတာပေါ့။ မီးကတော့ ပြတ်လိုက် လာလိုက်ပါပဲ။ ဧည့်သည်တွေကိုတော့ မီးစက်မောင်းပေးရတာပေါ့။ တည်းခလည်း ဈေးတင်ထားမျိုး မရှိတော့ ဝန်ထမ်းလစာ၊ ပြင်ဆင်ခနဲ့ဆို တောင့်ခံထားရတဲ့ အခြေအနေမျိုးပါပဲ” လို့ ‌ေပြာေပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ညောင်ဦးခရိုင်အတွင်း ညောင်ဦးမြို့နယ်မှာ လူဦးရေ ၂၃၉,၉၄၇ ဦးနဲ့ ကျောက်ပန်းတောင်းမြို့နယ်မှာ လူဦးရေ ၂၆၁,၉၀၈ ဦး စုစုပေါင်း လူဦးရေ ၅ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာ မြို့နယ်တွေရဲ့ ပျမ်းမျှ လျှပ်စစ်မီးသုံးစွဲမှု အိမ်ထောင်စုအချိုးအစားအရ ၃၉ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး ညောင်ဦးမြို့နယ်မှာ ၃၁ ရာခိုင်နှုန်းနဲ့ ကျောက်ပန်းတောင်းမြို့နယ်မှာ ၂၃ ရာခိုင်နှုန်း ရှိ‌တာကြောင့် လျှပ်စစ်မီးသုံးစွဲမှုမှာ အနိမ့်ဆုံးမြို့နယ်ထဲမှာ ပါဝင်ပေမဲ့ မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အခုလို လျှပ်စစ်မီးဖြန့်ဖြူးမှုနဲ့ပတ်သက်ပြီး ညောင်ဦးခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးရုံးကို ဖုန်းဆက်သွယ် မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013