DVB Logo
Home
မြန်မာသတင်း
ဇွန်လ ၁ ရက် တနိုင်ငံလုံး မုတ်သုံလေဝင်သည့်အခါ ရေဘေးသင့်ဒေသများ သတိထားရန်လို
DVB
·
May 20, 2023
ဇွန်လ ၁ ရက် တနိုင်ငံလုံး မုတ်သုံလေဝင်သည့်အခါ ရေဘေးသင့်ဒေသများ သတိထားရန်လို
Donate to DVB

အိန္ဒိယ မိုးလေဝသဌာန ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေဟာ အင်ဒိုချိုင်းနား ကျွန်းဆွယ် တောင်ပိုင်းကို မေလ ၁၉ ရက်မှာ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသကို မေလ ၂၂ ရက်၊ အလယ်ပိုင်းဒေသတွေကို မေလ ၂၆ ရက်နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဇွန်လ ၁ ရက်မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

တနင်္သာရီတိုင်းကို မေ ၂၂ ရက်မှာ မုတ်သုံလေဝင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နောက်လာမယ့် ၁၀ ရက်အတွင်း မိုးများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်လ ၁ ရက် တနိုင်ငံလုံးကို မုတ်သုံလေဝင်တဲ့အခါ မိုခါမုန်တိုင်းသင့်ဒေသတွေနဲ့ ရေဘေးသင့် ဒေသတွေ သတိထားကြဖို့ မိုးလေဝသပညာရှင်တယောက်က သတိပေးထားပါတယ်။

"ထူးထူးခြားခြားဆိုရင် အဓိကကတော့ တနင်္သာရီတိုင်းပေါ့။ လာမယ့် ၁၀ ရက်အတွင်းမှာ မိုးရေချိန် ၁၀ လက်မလောက်အထိကိုမှ နောက်လာမယ့် ၅ ရက်ကနေ ၁၀ ရက်အတွင်းပေါ့။ ရက်စွဲနဲ့လည်း ပြောထားတာ ရှိတယ်။ အဲ့မှာ မိုးတော်တော်များများ ရွာနိုင်တယ်။ တနင်္သာနီတိုင်းတခုလုံး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးများနိုင်တယ်လို့ ခန့်မှန်းထားတယ် နောက်လာမယ့် ၁၀ ရက်အတွင်းပေါ့။

"၁ ရက်နေ့ကို တနိုင်ငံလုံး မုတ်သုံလေဝင်ပြီ။ အဲဒါနဲ့အတူ မိုးနောက်က လိုက်လာမယ်ဆိုရင် မြင့်တက်ထားတဲ့ နေရာတွေ အဲ့နေရာတွေမှာ နောက်ထပ် မိုးကြီးလာနိုင်မယ့် အခြေအနေ ရှိတော့ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကြိုတင် ခန့်မှန်းချက်က ပြောမရသေးဘူး။ ဒီလိုတော့ ဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိတယ်။ မုန်တိုင်းဒဏ်သင့်တဲ့ ရခိုင်ပြည် မြောက်ပိုင်းက စစ်တွေ ဝန်းကျင် ဒေသတွေရယ်၊ အလယ်ပိုင်း ဒေသက မိုးများထားလို့ ရေကြီးတဲ့ နေရာတွေ၊ တောင်ကျ ချောင်းရေ မြင့်တက်ထားတဲ့ နေရာတွေ သတိထားရမယ်။ မိုးဦးလေဦးဆိုတော့ သတိထားရမယ့် အခြေအနေရှိမယ်။ မုတ်သုံဝင်ပြီး ဇွန်လဆန်း ၁ ပတ် ၂ ပတ်ကနေ ဇွန်လ တလလုံး ဘယ်အချိန်မဆို ဖြစ်သွားနိုင်တယ်" လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ ဖြစ်လာမယ့် ရေခိုးရေငွေ့/တိမ်တိုက်တွေနဲ့ အတူ မေလ ၂၂ ရက်၊ ၂၃ ရက်မှာ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ မုတ်သုံမိုးတွေ စရွာမယ်လို့ ခန့်မှန်းထားပါတယ်။

လာမယ့် ၅ ရက်ကနေ ၁၀ ရက်အတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့က မိုးနည်းရေရှား ဒေသတချို့ကလွဲရင် တနိုင်ငံလုံး မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လာနီညာ ဖြစ်စဉ်ကြောင့် မုတ်သုံလေအဝင်စောခဲ့ပြီး ဒီနှစ်မှာတော့ မုတ်သုံလေ ပုံမှန်အတိုင်း ဝင်ကာ ထူးခြားဖြစ်စဉ် မတွေ့ရသေးဘူးလို့ မိုးလေဝသ ပညာရှင်က ပြောပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က "ပြီးခဲ့တဲ့နှစ်က စောတယ်။ ကျနော်တို့ ဝင်ထားတဲ့ အခြေအနေထက် စောတယ်။ ၁၅ ရက်၊ ၁၇ ရက်လောက်ဆို တနင်္သာရီတိုင်းကို ဝင်ထားပြီ။ ဝင်သွားပြီပေါ့။ ပြီးခဲ့တဲ့နှစ်က လာနီညာ ဆက်ပြီး ဖြစ်တယ်။ အခုက လာနီညာက အဆုံးသတ်သွားပြီးတော့ အယ်လ်နီညိုဖြစ်မယ့် အခြေအနေဘက်ကို ပြောင်းတယ်။ အခုကတော့ လောလောဆယ် ပုံမှန် ရာသီဥတု ဖြစ်စဉ်ဖြစ်တယ်။ အစွန်းရောက် ရာသီဥတု မဖြစ်ဘူး။ မုတ်သုံကလည်း ပုံမှန်ပဲ ဝင်တယ်။ ဘာမှ ထူးထူးခြားခြားတော့ မဖြစ်ပါဘူး။

"အခု ဒီ မုန်တိုင်းဒဏ်သင့်တဲ့ ဒေသက ပြည်သူတွေ၊ အဲ့မှာ ရှာဖွေကယ်ဆယ်ရေး လုပ်နေကြတဲ့ အဖွဲ့တွေ၊ ရေဘေးကယ်ဆယ်နေကြတဲ့ အဖွဲ့တွေ၊ မုတ်သုံဝင်လာပြီဆိုတာ မတိုင်ခင်ကကို သူတို့ဆီမှာ မိုးရွာတာ မိုးများတာ ဖြစ်တယ်။ မိုးကာပစ္စည်းတွေ၊ မိုးကာရေဖျင်တွေ၊ တချို့ အိမ်ပျက်စီးသွားပြီ နေစရာ မရှိသူတွေ အဲဒီသူတွေအတွက် အမြန်ဆုံး ကူညီပေးဖို့လိုတယ်။ အမြန်ဆုံး အမိုးအကာရဖို့ လိုတယ်။ အဲဒီဟာတွေကို များများ လုပ်ပေး ကူညီပေးကြပါလို့ပဲ ပြောချင်ပါတယ်" လို့ ပြောပါတယ်။

တနင်္သာရီတိုင်းကို အရင်နှစ်မေလ ၁၆၊ ၁၇ မှာ မုတ်သုံလေ စဝင်ခဲ့ပြီး မေ ၁၈၊ ၁၉ မှာ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်း၊ မေလ ၂၀ နဲ့ ၃၀ ကြားမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ရခိုင်ကမ်းရိုးတန်း မေ ၃၁ ကနေ ၁ ရက်ကြားမှာ မန္တလေး အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့ထိ ဝင်ရောက်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ တနိုင်ငံလုံး မုတ်သုံလေ ဝင်ရောက်ခဲ့ပါတယ်။

ဒီနှစ် ဇွန်လ ၁ ရက် တနိုင်ငံလုံး မုတ်သုံလေ ဝင်ရောက်ပြီးနောက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်း၊ လေပွေလှိုင်းတွေ၊ မုန်တိုင်းတွေနဲ့ တောင်တရုတ်ပင်လယ်ဘက်က လာတဲ့ အရှေ့လေပွေလှိုင်းတွေပေါ် မူတည်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးရွာသွန်းမှု အခြေအနေ ကွာခြားလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013