DVB Logo
Home
မြန်မာသတင်း
မုတ်သုံလေ အားကောင်းတာကြောင့် လာမည့် ၂ ရက်အတွင်း ရခိုင်နှင့်ကချင်တွင် မိုးများနိုင်
DVB
·
June 24, 2023
မုတ်သုံလေ အားကောင်းတာကြောင့် လာမည့် ၂ ရက်အတွင်း ရခိုင်နှင့်ကချင်တွင် မိုးများနိုင်
Donate to DVB

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအနည်းငယ်ကနေ အားအသင့်အတင့် ရှိပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေတယ်လို့ မိုးဇလဌာနက ဇွန် ၂၄ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မုတ်သုံလေ အားကောင်းတာကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ် တော်တော်များများမှာ မိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် နောက် ၂ ရက်အတွင်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ မိုးဆက်လက်ပိုမယ်လို့ ခန့်မှန်းထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က မိုးများခဲ့တာကြောင့် ဥရုချောင်းအနီး ရေကြီးရေလျှံဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု မများခဲ့ပေမယ့် နောက်ထပ် မိုးကြီးလာရင် ရေကြီးမှု ကြုံရမှာကို ဒေသခံတွေ စိုးရိမ်တယ်လို့ ဖားကန့်ဒေသ လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

"ဟိုနေ့က မိုးများတော့ ဥရုချောင်းအနီး လုံးခင်း ဖားကန့် ရေကြီးတာပါ။ လမ်းပေါ်တွေ ကျောက်ဝိုင်းတွေပေါ့။ အပျက်စီးတော့ မရှိဘူး။ ပစ္စည်းတွေတော့ ရွှေ့ရတာပေါ့ အောက်ဘက် ရေကြီးနိုင်တဲ့ နေရာတွေမှာ။ ဖုန်းဆိုင်တို့ လျှပ်စစ်ပစ္စည်းဆိုင်တို့ပေါ့။ မိုးများမယ်ဆိုတော့ ကျနော်တို့ကတော့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးဖို့ ရေကြီး ရေလျှံ ဖြစ်လာရင် ကယ်ဆယ်ရေးလုပ်ပေးဖို့ အကုန်လုံး ပြင်ဆင်ထားရတာပေါ့။ မိုးများရင်တော့ တောင်ကျချောင်းရေ လျှံလာတော့ ဒီနားက ရပ်ကွက်တွေ အကုန်ရေကြီးတာပဲ။ ရေကြီးရင်တော့ ခဏနဲ့ ပြန်ကျရင်တော့ တခါတလေ ဖားကန့်မိုးက ၄၊ ၅ ရက် စွေ တတ်တယ်။ ရေကြီးတာ ရက် ကြာသွားရင်တော့ ထမင်းထုပ်တွေဘာတွေ လိုက်ဝေရတယ်။ မိုးများရင်တော့ စိုးရိမ်ရတယ်။ မိုးမများရင်တော့ မစိုးရိမ်ရပါဘူး။"

မြန်မာကမ်းရိုးတန်းဒေသတွေမှာ ဇွန်လကုန်အထိ မုတ်သုံလေ ဆက်လက် အားကောင်းပြီး ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးကြီးနိုင်တာကြောင့် ရေကြီး ရေလျှံ သတိပြုကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်ကလည်း ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးရေချိန် စုစုပေါင်း ၆.၇ လက်မလောက် ရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တို့မှာ မိုးများနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာတော့ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့တွေမှာ မိုးများပြီး ကျန်မြို့နယ်တွေမှာတော့ မိုးရွာလိုက် နေသာလိုက် တလှည့်စီကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တောင်ကုတ်၊ သံတွဲ၊ ဂွ မိုးများတယ်။ အမ်းမှာ နေသာနေတယ်။ စစ်တွေမှာလည်း မိုးမရွာဘူး ပြောတယ်။ မရွာတချက် ရွာတချက်ပါပဲ။ မိုးကတော့ ပုံမှန် ရွာနေတာပါပဲ။ ဒါပေမဲ့ သတိတော့ ထားရမှာပေါ့။ ရေကြီး ရေလျှံ ဖြစ်မယ်ဆိုတော့ အဲဒါလည်း သတိတချက် ထားရတာပေါ့။ အဓိကက မိုးမလုံတဲ့ မိသားစုတွေကို ပရဟိတ သမားတွေတော့ ကူညီပေးနေကြတာပဲ။ သူတို့အတွက်ကတော့ အိမ်မှာ အမိုးမရှိရင် စိုးရိမ်ရတာပဲ။ အမိုးလုံတဲ့ နေရာ သွားနေရတာပေါ့။"

"မိုးက ခဏလေးပဲ ရွာတယ်။ အများမရွာပါဘူး။ အခု နေထွက်နေပြီ။ မိုးက ရွာလိုက် သာလိုက်ပဲ။ မများဘူး။ ကျနော်တို့ ဘူးသီးတောင်ဘက်တော့ ရွာလိုက် သာလိုက်ပဲ။ ရေက ဆက်တိုက်ရွာရင်တော့ တောင်ကျရေ ကြီးတာ ဖြစ်နိုင်တယ်။ တအား ရွာပြီး ၂ ရက် ၃ ရက်လောက် ဆက်တိုက်ရွာရင် ရေကြီးတာ ဖြစ်တတ်တယ်။ တောင်ကျရေနဲ့ မိုးရေနဲ့ အဲ့လိုပေါင်းပြီး ရေလျှံတာပေါ့။"

ဇွန်လ တတိယ (၁၀) ရက်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေက ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်ကနေ အားကောင်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဇွန်လ တတိယပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ကချင်၊ ချင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ ၇ ရက်ကနေ ၁၀ ရက်နီးပါး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ (၃)ရက်ကနေ (၆)ရက်လောက် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013