DVB Logo
Home
မြန်မာသတင်း
မြန်မာလက်နက်ပွဲစား ဦးထွန်းမင်းလတ်နှင့်ဆက်နွှယ်သည့် ထိုင်းအထက်လွှတ်တော်အမတ်ကို တရားစွဲမည်
DVB
·
May 19, 2023
မြန်မာလက်နက်ပွဲစား ဦးထွန်းမင်းလတ်နှင့်ဆက်နွှယ်သည့် ထိုင်းအထက်လွှတ်တော်အမတ်ကို တရားစွဲမည်
Donate to DVB

မြန်မာလက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တဲ့ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပါကျရိယန်ကွန်း (၆၁ နှစ်) ကို တရားစွဲဖို့ ထိုင်းက နိုင်ငံတကာရာဇဝတ်မှု နှိမ်နင်းရေးဌာနက သဘောတူလိုက်ပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၆၁ နှစ်အရွယ် နိုင်းဥပကစ် ပါကျရိယကွန်းဟာ လက်ရှိ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့ မြန်မာခရိုနီ ဦးထွန်းမင်းလတ်နဲ့ အကျိုးတူ စီးပွားရေးဆက်နွှယ်မှု ရှိမရှိ နိုင်ငံတကာ ရာဇဝတ်မှုဌာနက စစ်ဆေးပြီးတဲ့နောက် အထက်လွှတ်တော်အမတ်ဖြစ်ပြီး ငွေကြေးခဝါချမှုမှာ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတကာရာဇဝတ်မှုလုပ်ငန်းနဲ့ ဆက်နွယ်မှုတွေနဲ့ အရေးယူဖို့ သဘောတူလိုက်ပြီး စာမျက်နှာပေါင်း ၇၉ မျက်နှာရှိ အမှုတွဲကို မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ ဗဟိုတရားရုံးကို မေ ၁၈ ရက်က ပေးပို့လိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါအမှုတွဲကို လက်ခံရရှိပြီး အမှုစစ်ဆေးဖို့ ဒီလ ၂၆ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ ဗဟိုတရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ နိုင်းကိုးဆွန်ဝပ် အင်ထုကျန်ယုန်က သတင်းထောက်တွေကို ပြောပါတယ်။

စွပ်စွဲခံရသူ နိုင်းဥပကစ်ကလည်း သူ့ရဲ့ရှေ့နေနဲ့အတူ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ရောက်ရှိလာပြီး  စွဲဆိုချက်တွေ သိရှိပါကြောင်း သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ရှေ့နေဖြစ်သူကတော့ နိုင်းဥပကစ်ဟာ ဦးထွန်းမင်းလတ်ရဲ့ စီးပွားရေးတွေနဲ့ ပတ်သက်ခြင်းမရှိဘဲ နိုင်ငံရေးအရ တိုက်ခိုက်ခံရခြင်းသာဖြစ်ကြောင်း၊ တရားမျှတမှုရရှိရေး အဆုံးစွန်ထိ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဖမ်းဆီးရမိတဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ ငွေစာရင်းတွေကို သက်ဆိုင်ရာက ပြန်လည်စစ်ဆေးရာမှာ ထိုင်း-မြန်မာနယ်စပ် လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ Allure Group ကုမ္ပဏီထဲကို ငွေသန်းပေါင်းများစွာ လွှဲထားတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကုမ္ပဏီဒါရိုက်တာ ဦးထွန်းမင်းလတ်၊ အထွေထွေမန်နေဂျာ (နိုင်းဥပကစ်ရဲ့ သားမက်) နဲ့ ဝန်ထမ်း ၂ ဦးတို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက အဖမ်းခံခဲ့ရပြီး ဘတ်သန်းပေါင်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း၊ မော်တော်ကား၊ အိမ်ခြံမြေ၊ ဟိုတယ်၊ မီးခံသေတ္တာနဲ့ ဘဏ်ငွေစုစာရင်းစာအုပ်တွေလည်း အသိမ်းခံထားရပါတယ်။

အဆိုပါအမှုထဲမှာ အထက်လွှတ်တော်အမတ် နိုင်းဥပကစ်ပါ ပါဝင်ပတ်သက်နေကြောင်း မူးယစ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး သွားရောက်ဖမ်းဆီးမယ့်နေ့မှာပဲ ဗဟိုတရားရုံး တာဝန်ရှိသူတွေက ဆိုင်းငံ့ထားဖို့ ပြောတာကြောင့်  မဖမ်းဆီးဖြစ်ပါဘူး။ အဲဒီအမှုတွဲကို ကိုင်တွယ်တဲ့ မူးယစ်ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့ဟာလည်း တနေရာစီ ရွှေ့ပြောင်းခံထားရပါတယ်။

ဒီအမှု ကြန့်ကြာနေရတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ထမ်းတွေရဲ့ ခြစားမှုတွေ စုံစမ်းဖော်ထုတ်နေတဲ့ ခွန်ချူဝစ် ကမွန်ဝိဆစ်က သတင်းစာရှင်းလင်းကာ မေးခွန်းထုတ်ခဲ့သလို MFP ကလောက်ကိုင်ပါတီ လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရိုးကလည်း လွှတ်တော်ထဲမှာ မေးမြန်းခဲ့ပါတယ်။

ဦးထွန်းမင်းလတ်နဲ့ နိုင်းဥပကစ်တို့ဟာ အမှုတွဲတခုတည်း၊ စွဲချက်တခုတည်းဖြစ်ပေမဲ့ တဦးက ထောင်ထဲကနေ အမှုရင်ဆိုင်နေရပြီး နောက်တဦးက အပြင်မှာ လွတ်လပ်စွာ ပုံမှန်သွားလာ နေရတဲ့အပြင် တရားရုံးကလည်း ဘာမှ ရှေ့ဆက်ဆောင်ရွက်တာ မတွေ့ရတော့ နိုင်းဥပကစ် အမှုကကင်းလွတ်အောင် ထိပ်ပိုင်းရာထူးယူထားသူတွေက အကာအကွယ် ပေးထားသလား ဆိုတာလည်း လွှတ်တော်အမတ်က မေးခွန်းထုတ်ထားပါတယ်။

ဗဟိုတရားရုံးကတော့ နိုင်းဥပကစ်ရဲ့ အမှုဟာ နိုင်ငံတကာမှုခင်းနဲ့ပါ ပတ်သက်နေတာကြောင့် နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့က စစ်ဆေးနေပြီး နိုင်ငံခြားဘာသာ သက်သေအချက်အလက်တွေကို ထိုင်းလို ဘာသာပြန်ဆိုနေရတာကြောင့် အမှုကြန့်ကြာနေရတာလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013