
အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ၅ ရက်ကြာ ပြေးဆွဲခွင့်ပိတ်ထားခဲ့တဲ့ ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းကို ပြန်လည်ဖွင့်လှစ်ပြီလို့ Myanmar Airways International - MAI က မေ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့မှာ စစ်တွေလေဆိပ်အဆောက်အအုံတွေနဲ့ နားနေဆောင်တွေ အပါအဝင် အဆောက်အအုံ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေလေဆိပ်ကို မေ ၁၃ ရက်နေ့က စပိတ်ခဲ့တာဖြစ်ပြီး အခုလို ပြန်ဖွင့်လိုက်တာနဲ့ ပတ်သက်ပြီး MAI ပြောရေးဆိုခွင့်ရှိသူတဦးက “ပြန်ဖွင့်တာ ဟုတ်ပါတယ်၊ ပိတ်တာက မိုခါဆိုင်ကလုန်းကြောင့် မေလ ၁၃-၁၅ ဆိုပြီး ပိတ်လိုက်တာပါ။ စစ်တွေမြို့ရယ် မဟုတ်ပါဘူး၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ စတဲ့လေဆိပ်ရှိတဲ့ ရခိုင်ဒေသအကုန်လုံးကိုပါရှင်။ ဒါပေမဲ့ စစ်တွေကိုတော့ ၁၈ ရက်နေ့မှာ ပြန်ဖွင့်ပြီး ကျန်တဲ့မြို့တွေကတော့ မဖွင့်နိုင်သေးပါဘူး။ ပြီးတော့ ဒီ စစ်တွေကို ပြန်ဖွင့်လိုက်တော့ လေဆိပ်မှာ လိုအပ်နေတဲ့ cargo service တွေကို free ကူညီပေးနေပါတယ်ရှင့်” လို့ ပြောပါတယ်။