DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် အငူမော်ဆိပ်ခံတံတားကို အာရှ-ဂျပန် ပေါင်းကူးအဖွဲ့ ပြင်ပေးမည်
DVB
·
October 20, 2023
မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် အငူမော်ဆိပ်ခံတံတားကို အာရှ-ဂျပန် ပေါင်းကူးအဖွဲ့ ပြင်ပေးမည်
Donate to DVB

မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ မေယုကမ်းရှိ အငူမော်ဆိပ်ခံတံတားကို အာရှ-ဂျပန် ပေါင်းကူးအဖွဲ့ BAJ (Bright Asia Japan) က ပြန်ပြင်ပေးမှာဖြစ်လို့ လိုင်းဆွဲနေကြတဲ့ မော်တော်ဘုတ်တွေကို ဆိပ်ကမ်းကပ်ခွင့် ၂ လ ကျော်အထိ ပိတ်ထားဖို့ရှိတယ်လို့  အငူမော်ဒေသခံတွေနဲ့ စက်လှေသမားတွေက ပြောပါတယ်။

အငူမော်ဆိပ်ခံတံတားကို အောက်တိုဘာ ၂၃ ရက်ကစတင်ပြီး နိပွန်ဖောင်ဒေးရှင်းရဲ့ BAJ (Bright Asia Japan) အဖွဲ့အစည်းက ဒီဇင်ဘာ ၃၁ ရက်အထိ ပြုပြင်သွားဖို့ရှိ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

တံတားပြုပြင်နေစဥ်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆိပ်ကမ်းကို ယာယီပိတ်ထားမှာဖြစ်ပြီး လိုင်းထွက်နေကြတဲ့ မော်တော်ဘုတ်တွေအားလုံး အငူမော်ဇက်ဆိပ်မှ အတက်အဆင်း ပြုလုပ်ကြဖို့ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

အငူမော်ဒေသခံ စက်လှေသမားတဦးက “မိုခါကြောင့် ပျက်စီးသွားတဲ့ အငူမော်ဆိပ်ခံတံတားကို အခုလာမယ့် အောက်တိုဘာ ၂၃ ရက်နေ့မှာ BAJ က ပြန်လည်ပြုပြင်သွားမယ်လို့ သိရတယ်ဗျ။ အဲ့ဒီဆိပ်ခံတံတားကို ပြုပြင်နေတဲ့အချိန်မှာ အငူမော်-စစ်တွေ ပြေးဆွဲနေကြတဲ့ မော်တော်ဘုတ်တွေကိုတော့ ဇက်ဆိပ်ကမ်းကနေ အသုံးပြုခွင့်ပေးသွားမယ်လို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့ပြီး အငူမော်ဆိပ်ခံတံတားအပါအဝင် အဆောက်အအုံပေါင်း သိန်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တာပါ။

အငူမော်ဆိပ်ခံတံတားဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စတဲ့ မြို့နယ် ၃ ခု၊ ရွာပေါင်း ၃၀၀ လောက်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခန်းကဏ္ဍတွေကို အဘက်ဘက်က မှီခိုအားထားနေရတဲ့ ဆိပ်ခံတံတားဖြစ်ကြောင်း အငူမော် ဒေသခံတဦးက ပြောပါတယ်။

“ဒီဆိပ်ခံတံတားကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မယူကမ်းက ရွာပေါင်း ၃၀၀ လောက်က ပြည်သူတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအဘက်ဘက်က မှီခိုနေကြရတဲ့ တံတားဆိုတော့ ပျက်စီးနေတာကို အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်။”

မောင်တောအငူမော်ဆိပ်ခံတံတားနဲ့ မောင်တောအလယ်သံကျော် ကံဘူးတံတားက စတင်ပြီး အငူမော်လမ်းတလျှောက်ရှိ တံတားအစင်း ၁၀၀ ကျော်ကို ၂၀၀၅ ခုနှစ်ကစတင်ပြီး BAJ (Bright Asia Japan) အဖွဲ့အစည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အဲဒီဆိပ်ခံတံတားနဲ့ တံတားတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ အပြီးအပိုင် လွှဲပြောင်းပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013