DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့က မွတ်စလင်ဒုက္ခသည်များကို စခန်းသစ်သို့ ပြောင်းရွှေ့ခိုင်း
DVB
·
May 18, 2023
ကျောက်ဖြူမြို့က မွတ်စလင်ဒုက္ခသည်များကို စခန်းသစ်သို့ ပြောင်းရွှေ့ခိုင်း
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က မွတ်စလင်ဒုက္ခသည်တွေကို လက်ရှိစခန်းကနေ စခန်းအသစ်နေရာကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ အပြီးပြောင်းရွှေ့ခိုင်းနေပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေကြောင့် ကျောက်ဖြူမြို့ပေါ်မှာ နေထိုင်တဲ့ မွတ်စလင်တွေကို မြို့ပြင်က ကျောက်တလုံးဆိုတဲ့နေရာကို မြို့မိမြို့ဖတွေ ကိုယ်တိုင် ရွှေ့ပြောင်းစေခဲ့တာပါ။

တောင်နဲ့ ပင်လယ်ကြားက ကွင်းပြင်မှာ နှစ်ပေါင်းများစွာ ဒုက္ခသည်စခန်းနဲ့ နေထိုင်ခဲ့ကြရပြီးနောက် အဲဒီနေရာနဲ့ မနီးမဝေးနောက်ထပ်ကွင်းပြင်တခုမှာ အိမ်တွေ ဆောက်ပေးခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ အပြီးပြောင်းရမှာဖြစ်ပြီး မပြောင်းရင်တော့ နောက်နေ့မှာ ဌာနဆိုင်ရာတွေနဲ့ လာရောက်မောင်းချမယ်လို့ သိထားကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။

အခုပြောင်းရွှေ့ရမယ့်အိမ်တွေဟာ တချို့ပြင်ဆင်စရာရှိတာကြောင့် စခန်းဟောင်းကို ဖျက်ယူသွားခွင့်တောင်းထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးဘက်က တိကျတဲ့အဖြေမပေးလို့ အခက်တွေ့နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

“အခုအိမ်တွေက လုံးချင်းအိမ်တွေပါ။ ၂၀၂၂ ခုနှစ် ဇွန်၊ ဇူလိုင်မှာ အပြီး ဆောက်သွားကြတာ။ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာအိမ်တွေပါ။ ပျဉ်တွေက သေသေချာချာ မကောင်းဘူး။ တချို့က ဆွေးနေပြီ။ အဲဒါတွေကို ပြင်ဆင်ဖို့ အခု စခန်းဟောင်းကို ဖျက်ယူသွားခွင့်တောင်းတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) ကို တင်ပြပေးမယ်လို့ ပြောတယ်။ အခုထိ ဘာမှ မသိရသေးဘူး” လို့ ဒုက္ခသည်တယောက်က ပြောပါတယ်။

လက်ရှိနေနေရတာက UNHCR က ဆောက်ပေးထားတဲ့ ၈ ခန်းတွဲအဆောင်တွေဖြစ်ပြီး ပျဉ်တွေကောင်းတာကြောင့် ပြောင်းရမယ့်အိမ်ကို ပြင်ဆင်ရာမှာ သုံးနိုင်အောင် တခါတည်းဖျက်သွားချင်တာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးတော့ လက်ရှိစခန်းအဟောင်းကို ရဲတွေက ယူမယ်လို့လည်း သတင်းထွက်နေတာကြောင့် ဒီစခန်းကထွက်သွားပြီးရင် ပြန်မရမှာကိုလည်း ဒုက္ခသည်တွေက စိုးရိမ်နေကြတာပါ။

ဒုက္ခသည်တယောက်က “ကျနော်တို့ဆီမှာ အိမ်ထောင်စု ၃၇၅ စု၊ လူဦးရေ ၁၀၀၀ ကျော်ရှိတယ်။ အများစုက ဆင်းရဲသားတွေပါ။ အိမ်တွေပြင်ဖို့အတွက် မတတ်နိုင်တာကြောင့် ဒီက ကောင်းတာလေးတွေ ယူသွားချင်ကြတာ။ အိမ်အသစ်တွေက သွပ်တွေကတော့ တော်တော်ကောင်းတယ်။ အခင်းပျဉ်နဲ့ အကာတွေက မကောင်းတာ။ လူကြီးတွေလာရင်ကြည့်တဲ့ လမ်းဘေးအိမ်တွေကတော့ ကောင်းတာပေါ့။ အတွင်းက အိမ်တွေက မကောင်းတာ။ ပြီးတော့ အဲဒီနေရာမှာ တံတားတွေ ဘာတွေ လုပ်ဖို့လည်း လိုသေးတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူက မွတ်စလင်ဒုက္ခသည်တွေနေကြရတဲ့ စခန်းဟာ မိုးတွင်းဆိုရင် စခန်းထက်ဝက်နီးပါး ရေဒူးလောက်နစ်မြုပ်နေတတ်ပြီး အခု အသစ်ပြောင်းရမယ့် နေရာဟာလည်း ရေနစ်မြုပ်နိုင်မယ့် နေရာဖြစ်တာကြောင့် မပြောင်းချင်ဘူးလို့ ဒုက္ခသည်တွေက အစောပိုင်းမှာ ငြင်းခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013