DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ ဦးထိရှိလာဟု NUG ထုတ်ပြန်၊  လူသားချင်းစာနာ အကူအညီ ကျပ်သိန်း ၆၄၀ ကျော် သုံးစွဲပြီးဟုဆို
DVB
·
May 18, 2023
မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ ဦးထိရှိလာဟု NUG ထုတ်ပြန်၊  လူသားချင်းစာနာ အကူအညီ ကျပ်သိန်း ၆၄၀ ကျော် သုံးစွဲပြီးဟုဆို
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၄၅၅ ယောက်ထိ ရှိလာပြီး အဲဒီထဲက ယောက် ၄၃၀ ကျော်ကတော့ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

မေ ၁၇ ရက်အထိ နောက်ဆုံးရရှိထားခဲ့တဲ့ စာရင်းတွေအရ NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ “မိုခါဆိုင်ကလုန်း အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ” ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အဆိုပါသေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

အဆိုပါသေဆုံးသူတွေထဲမှာ မကွေးတိုင်းက  ၁၅ ယောက် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၄ ယောက်၊ ရှမ်း ပြည်နယ်မှာ ၂ ယောက်၊ ရန်ကုန်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းတို့က ၁ ယောက်စီ အသီးသီး ပါဝင်နေတာပါ။

NUG အစိုးရအနေနဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီး စာရင်းကောက်ယူမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူစာရင်းတွေ ထပ်မံပြီးတော့ တိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့  မုန်တိုင်းကြောင့် သေဆုံးသူ ၄၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပြီး ရခိုင်အခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းမှာတော့ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် တခုတည်းမှာတင် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။ 

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနေနဲ့ ရခိုင်ပြည်နယ်ကတော့ မုန်တိုင်းကြောင့် ထိခိုက်မှု များပြားလွန်းတဲ့အတွက် စာရင်းကောက်ယူစုဆောင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ကာ စစ်ကိုင်းတိုင်း မြို့နယ် ၁၃ ခုမှာတော့ အဆောက်အအုံ ၄၉ လုံး၊ လမ်း/တံတား/ မီးတိုင် ၂၆ ခုနဲ့ စိုက်ပျိုးမြေဧက ၃၂,၃၀၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမြို့နယ် ၁၁ ခုမှာတော့ အဆောက်အအုံ ၉၁ လုံး၊ လမ်း/တံတား/ မီးတိုင် ၈ ခုနဲ့ စိုက်ပျိုးမြေဧက ၂၁၇ ဧက ထိခိုက်ပျက်စီးခဲ့ကာ ချင်းပြည်နယ် မြို့နယ် ၈ ခုမှာတော့ အ ဆောက်အအုံ ၁,၄၂၈ လုံးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့ အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု တွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

NUG အစိုးရ လူသားစာနာ ထောက်ပံ့ကူညီမှုတွေအနေနဲ့ ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေကျပ် သိန်း ၁၃၀၊ ချင်းပြည်နယ်အတွက် သိန်း ၁၀၀ အပါအဝင် ငွေကျပ်သိန်း ၆၄၀ ကျော် သုံးစွဲထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက် ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီး နောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန် တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းနဲ့ပြည်နယ်တွေမှာ ရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၀၆၈ ရွာမှာ လူနေအိမ် အလုံး ၄၄၉၂၈ လုံး၊ သာသနိက အဆောက်အအုံ ၃၇၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း  ၄၃၉ ကျောင်း ၊ ဆေးရုံနဲ့ ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ လေဆိပ်နဲ့ ဈေးတွေအပြင် ဌာနဆိုင်ရာ အဆောက်အဦး ၁၅၈ လုံး ပျက်စီးသွားပြီး သေဆုံးသူ ၄၈ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013