DVB Logo
Home
မြန်မာသတင်း
“ရာသီသွေးနဲ့ တော်လှန်ရေး” ပရောဂျက်တွင် ပါဝင်ရန် ဖိတ်ခေါ်
DVB
·
May 16, 2023
“ရာသီသွေးနဲ့ တော်လှန်ရေး” ပရောဂျက်တွင် ပါဝင်ရန် ဖိတ်ခေါ်
Donate to DVB

မေလ ၂၈ ရက်နေ့ ကျရောက်မယ့် Menstrual Hygiene Day  အမျိုးသမီးများ ရာသီလာခြင်းနှင့် တကိုယ်ရည်သန့်ရှင်းရေးနေ့ မတိုင်ခင် တော်လှန်ရေးထောက်ပို့ အဖွဲ့အစည်းတခုဖြစ်တဲ့ အာမန်ချယ်လီ ရှုံးတိုင်းလှူမည် 2.0 အဖွဲ့ကနေ ရာသီသွေးနဲ့ တော်လှန်ရေး ပရောဂျက်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အဆိုပါပရောဂျက်ကနေ ရရှိတဲ့ ထောက်ပံ့ငွေတွေကို စစ်ပွဲဒေသက အမျိုးသမီးတွေ၊ စစ်ဘေးရှောင်၊ မီးဘေးရှောင်နဲ့ တိုက်ပွဲဝင် အမျိုးသမီးရဲဘော်တွေဆီကို ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ အာမန်ချယ်လီ ရှုံးတိုင်းလှူမည် 2.0 အဖွဲ့ ပြောရေးဆိုခွင့်ရှိ ရဲဘော်ဘုတ်ဆုံမက ပြောပါတယ်။

“ဒီနိုင်ငံမှာက ရာသီလာတာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ၊ အစဥ်အလာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်းပဲ အမျိုးသမီးတွေ ရာသီလာတာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ ရှိမနေပါဘူး။ စစ်တပ်အာဏာသိမ်းပြီးကာလမှာ ဒါတွေက ပိုပြီးဆိုးလာတယ်ဗျ။ လစဉ်သုံးပစ္စည်းတွေဆို အရင်က ၅၀၀ ကျပ်လောက်ပဲရှိပေမဲ့ လက်ရှိအချိန်မှာတော့ ၁,၀၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်အထိ ဖြစ်နေပြီ။ ဒီလိုဆိုတော့ မြို့ပြကသူတွေတောင် ဒီလိုအခက်အခဲဖြစ်လာတာတွေရှိတော့ တောထဲကသူတွေ၊ စစ်ပွဲကြားကသူတွေဆို ပိုဆိုးပါတယ်။ တချို့ဆို အဝတ်ဟောင်း သုံးရတာတွေ ရှိတယ်။ အဲ့ဒါနဲ့ ဒီပရောဂျက်ကို လုပ်ဖြစ်သွားတာ။”

ရာသီလာခြင်းဆိုတာ အမျိုးသမီးတွေရဲ့ဘဝမှာ လစဥ်ကြုံတွေ့နေရတဲ့ အခက်အခဲတခုဖြစ်ပြီး အခုလို စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင် အမျိုးသမီးတွေသာမက အကျဥ်းထောင်တွေထဲမှာ မတရားပုဒ်မတပ် ထောင်ချခံထားရတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဒီအခက်အခဲတွေ ကြုံတွေ့နေရကာ စည်းကမ်းအမျိုးမျိုးနဲ့ ထောင်တွင်းယူဆောင်ခွင့် တွေကိုလည်း ပိတ်ပင်ထားကြောင်း အကျဥ်းထောင်တွေဆီ လစဥ် ကူညီထောက်ပံ့ပေးနေသူ တဦးက ပြောပါတယ်။

“ကျနော်က ပြည်သူတွေ ကူရာကနေတဆင့် ကိုယ်တိုင်သွားပို့ရတာပါ။ နောက်ဆုံးတခေါက် ပို့ထားတဲ့ She အမျိုးအစားဆိုရင် ၁,၃၅၀ ကျပ်ပါ၊ အကျဥ်းထောင်တွေထဲမှာ အမျိုးသမီးတွေကို လစဥ်ကိစ္စနဲ့ပတ်သက်ပြီး ဖိနှိပ်ထားတာတွေရှိတယ်။ အထဲမှာက အဓိက ရေစိုစိုစွတ်စွတ် နေရာတွေမှာ နေရတာတွေရှိတယ်။ အခု အထဲမှာ တနှစ်ရှိပြီဖြစ်တဲ့ ကျနော့်ညီမလေးတွေဆို အတော်ခက်ခဲတယ်။ နေရာနဲ့ ရေ အဆင်လုံးဝမပြေဘူး။ ရေက လိုသလောက် သုံးခွင့်မပေးဘူး။ ထောင်ဝန်ထမ်းတွေကို တောင်းဆိုပေမဲ့လည်း ဘာမှလုပ်ပေးလာတာမရှိဘူး။ အာဏာသိမ်းမှု စကာစကဆို အမျိုးသမီးတွေကို စစ်ကြောရေးမှာ မျက်နှာအဝတ်စည်း လမ်းလျှောက်ခိုင်းပြီးနောက် ကနေ ကန်တာမျိုးတွေ၊ ထိုင်ခိုင်းပြီး ပါးရိုက်တာမျိုးတွေ ရှိတယ်။ အခုဆို စည်းကမ်းအသစ်တွေ ထပ်ထုတ်တယ်။ PH Care၊ Lactacyd လို သန့်ရှင်းရေးပစ္စည်းတွေ ပို့မရတော့ဘူး။ အရည်မို့လို့ဆိုပြီး ထောင်တွင်းသယ်ယူခွင့် မပေးတော့ဘူး။”

လက်ရှိမှာတော့ အဆိုပါပရောဂျက်ကို မေ ၂၄ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပြီး ဘောလုံးအသင်းလိုက်၊ အာဆင်နယ် (ဆင်ပျံကြီး) ၁,၅၀၀ ကျပ်၊ မန်ယူ (ဆိုက်ဆိုက်) ၁,၅၀၀ ကျပ်၊ မန်စီးတီး (နို့ဘူး) ၁,၅၀၀ ကျပ်၊ ချဲလ်ဆီး (စလွန်း) ၁,၅၀၀ ကျပ်၊ လီဗာပူး (လိပ်ပု) ၁,၅၀၀ ကျပ်၊ ဘရန့်ဖို့ဒ် (ပျား) ၁,၅၀၀ ကျပ်၊ ရီးရဲလ်မက်ဒရစ် (ဟာလဝါ) ၁,၅၀၀ ကျပ်၊ ပီအက်စ်ဂျီ (တောသားချဲပေါက်) ၁,၅၀၀ ကျပ် စသဖြင့် သတ်မှတ်ထားပါတယ်။

“အာမန်ချယ်လီ ရှုံးတိုင်းလှူမည်” 2.0 ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ PannSine ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ပန်းအမျိုးမျိုးကို မေ ၂၄ ရက်နေ့မတိုင်ခင် ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013