
ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံ မိသားစုတွေကို မရှိမဖြစ် လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ ယူနီဆက်ဖ် မြန်မာ က မေ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
“ရခိုင်ပြည်နယ်မှ ပေးပို့လာသောပုံများအရ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါတယ်။ ပဋိပက္ခများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်မှုများအပြင် မုန်တိုင်းဒဏ်ပါ ခံစားခဲ့ရတဲ့ ကလေးသူငယ်များနဲ့ မိသားစုများအတွက် ယူနီဆက်ဖ်အနေနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မရှိမဖြစ်လိုအပ်သော အကူအညီများ ပေးပို့သွားမှာ ဖြစ်ပါတယ်” လို့ ယူနီဆက်ဖ် မြန်မာက ထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ် စစ်တွေမြို့ဟာ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ ဗဟိုချက်ဖြစ်ပြီး မြို့အတွင်းက အိမ်၊ အဆောက်အဦ အတော်များများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး လူသေဆုံးမှုတချို့လည်း ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာနေ ဒေသခံတဦးက “ရွာမှာ အိမ်ခြေ ဆယ်ဂဏန်းလောက်ပဲ အကောင်းကျန်ခဲ့တယ်။ ကျန်အိမ်အများစုက ခေါင်မိုးပွင့်၊ အိမ်ပြို အပျက်အစီးများတယ်” လို့ ပြောပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသေတွအဖြစ် ကြေညာကြောင်း စစ်ကောင်စီက မေ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းနဲ့ ပြည်နယ် လေးခုကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မုန်တိုင်းလမ်းကြောင်း တလျှောက်ရှိ ဒေသတွေမှာ လေဒဏ်၊ မိုးဒဏ်ကြောင့် နေအိမ်တွေပြိုကျတာ၊ အိမ်ခေါင်မိုးလန်တာ၊ အခြေခံအဆောက်အုံတွေ ထိခိုက်ပျက်စီးတာတွေ အပါအဝင် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြပျက်စီးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် မြို့ရွာတွေနဲ့ စိုက်ခင်းဧကပေါင်း များစွာ ရေလွှမ်းမိုးခဲ့ပါတယ်။ ပြည်တွင်း အရပ်ဘက် ပုဂ္ဂလိက အဖွဲ့အစည်းဖြစ်တဲ့ ကုန်သည်စက်မှုအသင်းချုပ်ကလည်း မိုခါ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေကို လိုအပ်တာတွေ ပံ့ပိုးကူညီနိုင်ရေးအတွက် ကျပ်သိန်း ၂,၀၀၀ လှူဒါန်းထားတယ်လို့ သိရပါတယ်။










