DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် သေဆုံးသူ  ၁၈ ဦးရှိလာ၊  ရိုဟင်ဂျာ ရာချီသေဆုံးဟု သတင်းထွက်ပေါ်
DVB
·
May 16, 2023
မိုခါမုန်တိုင်းကြောင့် သေဆုံးသူ  ၁၈ ဦးရှိလာ၊  ရိုဟင်ဂျာ ရာချီသေဆုံးဟု သတင်းထွက်ပေါ်
Donate to DVB

အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန် စတဲ့ တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်ထိ ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း ထိခိုက်ပျက်စီးသွားပြီး လူ ၁၀၀ ကျော်သေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့  အကူအညီပေးရေး NGO တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

မေ ၁၅ ရက်အထိ ရရှိထားခဲ့တဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် အိမ်ခြေထောင်သောင်းကျော် အမိုးအကာ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုနဲ့ ကျေးရွာ ၃၄ ခုက လူဦးရေ ၂၂,၀၀၀ ကျော်နဲ့ မကွေးတိုင်း မြို့နယ် ၂ ခုက လူဦးရေ ၂,၄၀၀ ကျော်ကတော့ မုန်တိုင်းကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဖော်ပြပါတယ်။

NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ “မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ” ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး တချို့ဒေသတွေမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေဆဲဖြစ်တာကြောင့် စာရင်းဇယားတွေ ကောက်ယူရာမှာ အခက်အခဲများစွာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်က စပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားတာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းကြောင့် လူသေဆုံးမှုတွေအပြင် နေအိမ်၊ အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား ပျက်စီးမှုတွေ၊ သီးနှံစိုက်ခင်းတွေ ရေလွှမ်းမိုးပျက်စီးတာတွေ၊ ကျွဲနွားဆိတ်ဝက်တွေ ရေထဲ မျောပါသေဆုံးတာတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါပံ့ပိုးမှုတွေကိုတော့ NUG အစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လက်အောက်ကနေ မြေပြင်စာရင်းဇယား ကောက်ယူတာ၊ အပျက်အစီးတွေ ရှင်းလင်းတာ၊ ယာယီအမိုးအကာတွေ ဖန်တီးပေးတာ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးတာတွေနဲ့ Lifelines တွေ ပြန်လည်ချိတ်ဆက်ရေး ကိစ္စတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလော အရေးပေါ်လိုအပ်ချက်တွေ အနေနဲ့ကတော့ ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်အများစုမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဘေးသင့်ပြည်သူတွေအနေနဲ့ သတင်းအချက်အလက် ရရှိဖို့နဲ့ ကယ်ဆယ်ရေးအကူအညီတွေ တောင်းခံဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013