DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်း စစ်တွေနှင့် ရသေ့တောင်ကြား စူပါဆိုင်ကလုန်းအဆင့် ဖြတ်ကျော် ဝင်ရောက်မည်
DVB
·
May 14, 2023
မိုခါမုန်တိုင်း စစ်တွေနှင့် ရသေ့တောင်ကြား စူပါဆိုင်ကလုန်းအဆင့် ဖြတ်ကျော် ဝင်ရောက်မည်
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဟာ ဒီနေ့ မေ ၁၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် ရခိုင်ပြည်နယ် စစ်တွေနဲ့ ရသေ့တောင်ကြားကနေ ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းရဲ့ အဝန်းအဝိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့ အနီးကို စတင် ဝင်ရောက်နေပြီ ဖြစ်တာကြောင့် အညိုရောင်အဆင့် ရောက်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနက ဒီမနက် ၁၀ နာရီခွဲအချိန်မှာ ထုတ်ပြန်ပါတယ်။

မိုးလေဝ်ဆိုင်ရာ သုတေသီ ဦးဝင်နိုင်က “ဒီနေ့ ၁၂ နာရီခွဲလောက် မုန်တိုင်းဗဟို စစ်တွေရဲ့ မြောက်ဘက် စစ်တွေနဲ့ ရသေ့တောင်ကြားထဲကနေ ဝင်မယ်လို့ ခန့်မှန်းထားတယ်။ မုန်တိုင်းက အားပိုကောင်းလာတယ်။ တနာရီကို ၁၆၇ မိုင်နှုန်းလောက်နဲ့ ဝင်မယ်။ စူပါဆိုင်ကလုန်းအဆင့်ကို ရောက်လာပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စူပါဆိုင်ကလုန်းအဆင့် မရောက်ခင်ကတည်းက စစ်တွေအထက် မိုင် ၈၀၊ စစ်တွေအောက် မိုင် ၈၀ နေရာတွေမှာ မုန်တိုင်းဒီလှိုင်း (Storm Surge) ရိုက်နိုင်ကြောင်း မိုးလေဝသ သုတေသီ ဦးဝင်းနိုင်က ခန့်မှန်း ပြောဆိုထားပြီး မုန်တိုင်းဒီလှိုင်း ထုထည်ဟာ အနိမ့်ဆုံး ၁ ပေခွဲ ၂ ပေခွဲကနေ အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်အထိ ထုထည်ကြီးမားတာကြောင့် သတိထားရှောင်ကြဖို့ ပြောပါတယ်။

“အပြင်းဆုံး ဖြစ်မယ့် နေရာတွေက ကျောက်ဖြူနဲ့ စစ်တွေကြား၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒါတွေက Storm Surge အပြင်းဆုံးဖြစ်မယ့်နေရာ၊ ကျောက်ဖြူတောင်ဘက် ဂွအထိ ရခိုင်ပြည်နယ်အဆုံး ဂွအထိက အလယ်အလတ်ဖြစ်မယ့်နေရာ၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း တခုလုံး ရန်ကုန် ခရမ်း သုံးခွ ကမ်းရိုးတန်းအထိ မုန်တိုင်းဒီလှိုင်း အလယ်လတ်ဖြစ်နိုင်မယ့် နေရာ၊ စစ်တောင်းမြစ်ဝ မုတ္တမကွေ့ ရေးလောက်အထိ မုန်တိုင်းဒီလှိုင်း ပြင်းပြင်း မုန်တိုင်းအရှိန်ကြောင့် ရိုက်ခတ်နိုင်ဖွယ် ရှိတယ်။ ဒီအခြေအနေတွေကိုတော့ သတိထားပါ။ ရှောင်ပါ။ တော်တန်ရုံ အဆောက်အဦ မခံနိုင်ပါဘူး” လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေဟာ တနာရီ မိုင် (၁၁၀) ကနေ မိုင်(၁၂၀) လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ရခိုင်ကမ်း ရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၁၆)ပေကနေ ပေ(၂၀) လောက်အထိ မြင့်တယ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းအလွန်ကြီးနိုင်ကာ လေတိုက်နှုန်း တနာရီလျှင် မိုင် (၅၀) ကနေ မိုင် (၇၀) အထိ တိုက်ခတ်ကာ လှိုင်းအမြင့် (၁၀)ပေကနေ (၁၄)ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဝင်ရောက်စဉ် မုန်တိုင်းဒီရေက ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မောင်တော ခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်တွေမှာ (၁၆) ပေကနေ ပေ(၂၀) လောက်အထိ မြင့်တက်မယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ Global Disaster Alert and Coordination System (GDACS) ကတော့ အင်အားပြင်း ဆိုင်ကလုန်း မိုခါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံအပါအဝင် လူဦးရေ ၂ သန်းအထိ ထိခိုက်နိုင်တယ်လို့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

GDACS ထုတ်ပြန်ချက်မှာ မိုခါ မုန်တိုင်းဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ် ပြည်နယ်နဲ့ တိုင်း ၄ ခုက ပြည်သူတွေ စုစုပေါင်း လူဦးရေ ၁ ဒသမ ၈ သန်း ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013