DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်း ပြင်းအားအရှိန်ကြောင့် ကျောက်ဖြူနှင့် စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေရှိ ဒီရေလှိုင်း ဝင်ရောက်နိုင်
DVB
·
May 13, 2023
မိုခါမုန်တိုင်း ပြင်းအားအရှိန်ကြောင့် ကျောက်ဖြူနှင့် စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေရှိ ဒီရေလှိုင်း ဝင်ရောက်နိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမြို့အနီးကနေ ဝင်ရောက်နိုင်တာကြောင့် မိုးဇလဌာနကနေ အနီရောင်အဆင့် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၃၀ ကျော် တိုက်ခတ်နေပြီး မုန်တိုင်းရဲ့ ပြင်းအား အရှိန်ကြောင့် မုန်တိုင်းဒီရေလည်း ဝင်ရောက်နိုင်ကာ ကျောက်ဖြူနဲ့ စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်း (Storm Surge) ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီတယောက်က ခန့်မှန်း ပြောဆိုပါတယ်။

"အခုလောလောဆယ် လက်ရှိ အချိန်မှာ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းက တနာရီကို ၁၃၀-၁၃၁-၁၃၂ ပတ်ဝန်းကျင်လောက် လေတိုက်နှုန်း ပြင်းနေတယ်။ မုန်တိုင်း အခုလက်ရှိ ရောက်နေတဲ့နေရာက ရခိုင်ကမ်းရိုးတန်းအဆုံး တောင်ဘက်အစွန်၊ မော်တင်စွန်းရဲ့ အနောက်ဘက်တည့်တည့် မိုင် ၂၈၀ ကျော်လောက်မှာ ရောက်နေပါတယ်။ အဲ့ဒီကနေ အရှေ့မြောက်ဘက်ကို ရွေ့နေတယ်။ ဆက်ပြီး ရွေ့နေပြီးတော့ ခန့်မှန်းချက်ကတော့ မုန်တိုင်းရဲ့ ဗဟိုကတော့ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ  စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားထဲ အဲဒီက တနေရာရာက ကုန်းတွင်းကို ဖြတ်ပြီး ဝင်သွားမယ်။ အဲ့လို ခန့်မှန်းထားပါတယ်။ ဒါနောက်ဆုံး အဆင့်ပါ။

"မုန်တိုင်းဒီရေအခြေအနေက စစ်တွေအနီးဝန်းကျင် စစ်တွေမြို့ဘက်ကနေ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ နေရာရယ်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်အထိ နေရာကို အနိမ့်ဆုံး ၁ ပေခွဲ ၂ ပေဝန်းကျင်ကနေ အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်အထိ ရိုက်ဖို့ ရှိတယ်။ မုန်တိုင်းဒီရေက မြစ်တွေ ချောင်းတွေမှာလို တအိအိ တက်လာတာ မဟုတ်ဘူး။ ၇ ပေလောက်မြင့်တဲ့ ရေထုထည် တန်ပေါင်းများစွာရှိတဲ့ ရေထုထည်က အရှိန်နဲ့ အဟုန်နဲ့ ကမ်းခြေကို ဖျောင်တာ။ ဒါကို မုန်တိုင်းဒီရေလို့ ခေါ်တယ်။ အရမ်းအားပြင်းတယ်။ ဖျက်ဆီးနိုင်စွမ်း တအားကြီးတယ်။ မုန်တိုင်း တလုံး ကုန်တွင်းကို ဝင်ပြီဆိုရင် ဖျက်ဆီးနိုင်စွမ်း တအားအပြင်းဆုံးနဲ့ လူ့အသက်ကို သေစေနိုင်တာ လေတအားပြင်းလို့ မဟုတ်ဘူး။ မုန်တိုင်းဒီရေ (Strom Surge) ကြောင့် ဖြစ်တယ်"လို့  မိုးလေဝသဆိုင်ရာ သုတေသီ  ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

မုန်တိုင်း ဝင်ရောက်စဉ် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်ရှိ မြစ်ဝ မြစ်လက်တက်တွေမှာ မုန်တိုင်းဒီရေ (၁၄) ပေကနေ (၁၈) ပေလောက်အထိ၊ ကျောက်ဖြူခရိုင်ရှိ မြစ်ဝမြစ်လက်တက်တွေမှာ (၁၀) ပေကနေ (၁၄) ပေလောက်အထိ မြင့်တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းအတွက် ဒေသမှာ ကြိုတင်ပြင်ဆင်တာ၊ တိမ်းရှောင်တာတွေ လုပ်နေပြီး သက်ကြီးရွယ်အိုနဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ဒုက္ခသည်စခန်းမှာ ရှိကြသူတွေက နီးစပ်ရာ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံတယောက်က ပြောပါတယ်။

"ဒီမှာက လက်ရှိက မိုးတိမ် ထူထပ်နေတယ်။ မိုးရွာနေတယ်။ မိုးက နည်းနည်းပဲရွာတာ။ အများကြီး မရွာသေးဘူး။ မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ လှည့်ပြီးတော့ ကြေညာနေတာ ရှိတယ်။ သက်ကြီးရွယ်အိုတွေဆို တနေရာမှာ ပို့ထားတယ်။ အခု လောလောဆယ် စာသင်ကျောင်းတွေမှာ။ ကျနော်တို့ဆို အထုတ်တွေ ပြင်ထားတယ်။ လေတိုက်ရင် ရှောင်လို့ရအောင်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပြင်ထားတယ်။ ရေတွေဆိုလည်း အလုံအလောက် ထည့်ထားတယ်။

"ရာသီဥတုက ပြောင်းလဲနေပြီ။ မှောင်မည်းနေတယ် ရာသီဥတုက။ အကုန်လုံးက စိုးရိမ်နေတာပဲ။ မုန်တိုင်းတိုက်လာရင် ဘယ်လိုလုပ်မလဲဆိုတာ အကုန်စိုးရိမ်နေတယ်။ တာဝန်ရှိသူတွေကတော့ ကားနဲ့လှည့်အော်နေတာပဲ ရှိတယ်။ ပရဟိတအပိုင်းကတော့ မုန့်တွေ လာပို့တယ်။ အစိုးရပိုင်းကတော့ ဘာမှ လှုပ်ရှားတာ မရှိသေးဘူး။ လိုက်ကြေညာတာပဲ ရှိသေးတယ် မြို့ကို ကားနဲ့ ပတ်ပြီးတော့"လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံ တယောက်က ပြောပါတယ်။

မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ လောက်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကနေ မိုင် ၆၀ လောက်အထိ တိုက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မိုခါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြို တာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှု အန္တရာယ်နဲ့ ကမ်းရိုးတန်း တလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013