DVB Logo
Home
မြန်မာသတင်း
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) စစ်တွေမြို့အနီးမှ ဖြတ်မည်၊ အနီရောင်အဆင့် သတိပေး
DVB
·
May 13, 2023
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) စစ်တွေမြို့အနီးမှ ဖြတ်မည်၊ အနီရောင်အဆင့် သတိပေး
Donate to DVB

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ဟာ  မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်နဲ့ ဖြတ်ကျော် နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက ဒီကနေ့ မေလ ၁၃ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။

အနီရောင်အဆင့်ဟာ မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ ၁၂ နာရီအလိုအချိန်လို့ သတ်မှတ်ပေမဲ့ အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးမှ အားအလွန်ကောင်းတဲ့အဆင့်နဲ့  ဖြတ်ကျော်နိုင်လို့  အနီရောင်အဆင့် သတ်မှတ်တာလို့ ဆိုပါတယ်။

မိုခါမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက် တောင်ဘက်ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

မုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ရှိတယ်လို့ဆိုပါတယ်။ 

နောက် ၄၈ နာရီအတွင်း “မိုခါ” မုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ  ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဆီကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရွေ့ လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ 

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိနဲ့ ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှ မေ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့  မိုးဇလက အကြံပြုပါတယ်။

ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013