DVB Logo
Home
မြန်မာသတင်း
ချောင်းသာတွင် မုန်တိုင်းရှောင်ပြည်သူများ နေရာရွှေ့ပြောင်းရန် ကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီလိုအပ်
DVB
·
May 12, 2023
ချောင်းသာတွင် မုန်တိုင်းရှောင်ပြည်သူများ နေရာရွှေ့ပြောင်းရန် ကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီလိုအပ်
Donate to DVB

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်တဲ့အတွက် ဧရာဝတီတိုင်း ချောင်းသာကမ်းခြေ ပင်လယ်ကမ်းစပ်နဲ့ အနိမ့်ပိုင်းမှာနေထိုင်တဲ့ ပြည်သူတွေကို မြို့ခံပရဟိတအသင်းအဖွဲ့တွေက ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကို မေလ ၁၀ ရက်က စတင်ရွှေ့ပြောင်းပေးနေပါတယ်။

နေ့စဉ် လူဦးရေ ၁,၀၀၀ အထက် ပြောင်းရွှေ့ပေးနေရလို့ ကယ်ဆယ်ရေးယာဉ်တွေမှာ အသုံးပြုနေတဲ့ စက်သုံးဆီတွေ လိုအပ်နေတယ်လို့ မြို့ခံပရဟိတအသင်းအဖွဲ့တွေထံက သိရပါတယ်။

ချောင်းသာမြို့ ရပ်ကွက်ကြီး ၃ ခုက နာမကျန်းဖြစ်နေသူ၊ သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေး ပြောင်းရွှေ့ပေးနေပြီး ရပ်ကွက်နဲ့ ပြောင်းရွှေ့ပေးနေရတဲ့ နေရာအကွာအဝေး ဝေးကွာတဲ့အတွက် စက်သုံးဆီလိုအပ်ချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “၁၀ မိုင်‌ကျော်လောက်ရှိတယ်၊ တနေရာနဲ့တနေရာ ပို့ပေးရတာက ဝေးတော့ အကြောင်းအရေကလည်းများတယ်၊ နေ့စဉ် ကားလေးစီးနဲ့ ညဘက်အထိ ပို့ဆောင်ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

စက်သုံးဆီဈေးမှာ မေလအစပိုင်းထိ တလီတာ ၄,၀၀၀ ဝန်းကျင်ခန့် ဝယ်ယူရပြီး အခုရက်ပိုင်း မုန်တိုင်းသတင်းကြောင့် ရန်ကုန်က ဆီကားတွေမရောက်လို့ လက်ကျန်ဆီကိုသာ ရောင်းချပေးနေပါတယ်။

ချောင်းသာဒေသခံတဦးက “အားလုံးကတော့ ပြောင်းနေချင်ကြတာပေါ့၊ ပရဟိတ အသင်းတွေကိုပဲ အဓိကထား အားကိုးနေရတယ်။ သူတို့မှာလည်း အခက်အခဲရှိတော့ အရေးကြီးတဲ့သူတွေကိုပဲ အဓိကထား ပို့ဆောင်ပေးနေကြတယ်။ အိမ်စောင့်လောက်ပဲကျန်ခဲ့ပြီး အကုန်လုံးပြောင်းဖို့တော့ လုပ်နေပါပြီ” လို့ ပြောပါတယ်။

မုန်တိုင်းသတင်းကြောင့် ပြည်သူတွေကို ပရဟိတအဖွဲ့ဝင်တွေက မြို့ပေါ် အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့နေထိုင်စေပြီး အဲ့ဒိဘုန်းကြီးကျောင်းတွေကပဲ နေရေးစားရေး တာဝန်ယူထားပေးတယ်လို့လည်း သိရပါတယ်။

ပြောင်းရွှေ့နေထိုင်ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ မြို့နယ်မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရောက်ရှိနေပေမဲ့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးမှုတော့ မရှိပါဘူး။

ချောင်းသာမြို့မှာတော့ မုန်တိုင်းရှောင်ပြည်သူတွေအတွက် ခိုလှုံရာနေရာ ထားရှိပေမဲ့ လူဦးရေ ၂၀၀ လောက်သာ နေနိုင်တဲ့အတွက် မြို့ဦးကျောင်း၊ စကားဝါတောင်ကျောင်း၊ ဒေါနတောင်ကျောင်းနဲ့ စိန်ပန်းကျောင်းတို့ကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာ အခုလ ၁၄ ရက်က စတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့အနီး ရေမိုင် ၅၀၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လေတိုက်နှုန်း တနာရီ မိုင် ၁၀၀ အထက် ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013