DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကို မုန်တိုင်းဘေးလွတ်ရာသို့ ရက္ခိုင့်တပ်တော် ရွှေ့ပြောင်းပေး
DVB
·
May 11, 2023
မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကို မုန်တိုင်းဘေးလွတ်ရာသို့ ရက္ခိုင့်တပ်တော် ရွှေ့ပြောင်းပေး
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာ မုန်တိုင်ဘေးက လွတ်ကင်းဖို့ အတွက် ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ အစီအစဉ်နဲ့ ဘေးလွတ်ရာဒေသတွေကို ရွှေ့ပြောင်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူတွေကို အချိန်နဲ့တပြေးညီ လာရောက်ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်ပေးတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိတယ်လို့ ငမန်းရဲကျွန်း ဒေသခံတဦးက ပြောပါတယ်။

“ဂုဏ်လည်းယူတယ်၊ ဝမ်းလည်းသာတယ်။ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် ULA ရှိလာလို့ အခုလိုမျိုး ပြည်သူတွေအတွက် အန္တရာယ်မကျရောက်မီ အချိန်နဲ့တပြေးညီ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ ကျေးရွာတာဝန်ခံတွေကတဆင့်ဖြစ်စေ ကူညီပေးလာတာတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုအချိန်ထိ ဘာတခုမှ လာပြောတာ မရှိသေးဘူး။ ဘာအကူအညီမှ ပေးတာလည်း မရှိဘူး။ အရင်တုန်းကလည်း မရှိခဲ့ဘူး။ အခုလို အချိန်နဲ့တပြေးညီ ကူညီပေးတဲ့ ရက္ခိုင့်တပ်တော်ကို အထူးကျေးဇူးတင်ပါတယ်။”

မြေပုံမြို့နယ် ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာတည်ရှိပြီး မုန်တိုင်းဒဏ်ကို အမြဲခံနေရလေ့ရှိတဲ့ ဒေသခဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ, ရခိုင်ကမ်းရိုးတန်းကို ဦးတည်‌နေပြီး ဒီရေတွေပါ မြင့်တက်လာနိုင်တာကြောင့် ငမန်းရဲကျွန်းရှိ ငခူချောင်း၊ အလယ်ကျွန်း၊ သစ်ပုတ်၊ ဝကောက်ကြီး၊ ညောင်တော၊ မညှင်းပြင်၊ အတွင်းငခူချောင်း၊ မြောက်ကြိမ်၊ အပြင်ငခူချောင်း စတဲ့ ကျေးရွာ ၁၃ ရွာက လူပေါင်း ၅,၀၀၀ လောက်ကို ရက္ခိုင့်တပ်တော် (အေအေ) က ဦးစီးပြီး မင်းပြားမြို့နယ် ရန်တိုင်ကျေးရွာ အပါအဝင် ရေဘေးလွတ်ကင်းရာ ကုန်း​မြင့်ဒေသရှိ ကျေးရွာတွေကို ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

အခုဝင်လာမယ့် မုန်တိုင်းကြောင့် ဘေးလွတ်ရာကို အသက်မသေအောင် တိမ်းရှောင်ခဲ့ရပြီး ကျေးရွာတွေမှာ ကျန်နေခဲ့တဲ့ ကျွဲ၊ နွားတွေကိုလည်း ကုန်းမြင့်နေရာတွေမှာ ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း ငမန်းရဲကျွန်းမှ ရွာလူကြီးတဦးက ပြောပါတယ်။

“အရင်တုန်းကလည်း ကျနော်တို့ ငမန်းရဲတကျွန်းလုံးက မုန်တိုင်းဒဏ်တွေကို အမျိုးမျိုး ခံစားခဲ့ဖူးကြပြီ။ အခုလည်း မုန်တိုင်းသတင်းတွေကို ကြားကြားချင်း ဘေးလွတ်ရာကို ပြေးချင်တာပေါ့။ ဒါပေမဲ့ စီးပွားရေးကတဖက်၊ ကျွဲ နွား တိရစ္ဆာန်တွေက တဖက်ဆိုတော့ မုန်တိုင်းကလည်း နီးလာနေတယ်။ ဘာပဲဖြစ်ဖြစ် လူ့အသက်တခု ရှင်ရင်ပြီးရောဆိုပြီး ထွက်လာခဲ့ကြတယ်။ ကျန်ခဲ့တဲ့ တိရစ္ဆာန်တွေကိုတော့ ဘေးမဲ့လွှတ်ပေးခဲ့ကြတယ်။”

လက်ရှိ မုန်တိုင်းဘေးရှောင် ငမန်းရဲကျွန်းက ပြည်သူတွေကို မင်းပြားမြို့နယ်ရှိ ကျေးရွာတွေက စားဝတ်နေရေး အဆင်ပြေအောင် ကူညီထောက်ပံ့ပေးကြသလို ရက္ခိုင့်တပ်တော် (အေအေ) ကလည်း စားဝတ်နေရေး၊ ဆေးဝါးကအစ ကူညီပေးသွားမယ်လို့ လာရောက်ပြောဆိုထားကြောင်း ငမန်းရဲကျွန်း ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာ တည်ရှိပြီး ၁၉၆၇ ခုနှစ် မေ ၁၀ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ကျေးရွာ ၈ ရွာလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး လူပေါင်း ၃,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း မုန်တိုင်းသတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013