DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းအလွန် ငမန်းရဲကျွန်းရှိ ရေလုပ်သားများ စားဝတ်နေရေးအခက်ကြုံ 
DVB
·
June 16, 2023
မုန်တိုင်းအလွန် ငမန်းရဲကျွန်းရှိ ရေလုပ်သားများ စားဝတ်နေရေးအခက်ကြုံ 
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာမှာ  မိုခါမုန်တိုင်းကြောင့် လူနေအိမ် တွေနဲ့ ငါးဖမ်းလှေတွေ ပျက်စီးသွားတာကြောင့်  ရေလုပ်သားတွေနဲ့ ဒေသခံမိသားစုတွေ  စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပါတယ်။

မေလ ၁၄ ရက်ကတိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ကျေးရွာတွေမှာ လူနေအိမ် ၆၅ ရာခိုင်နှုန်းနဲ့  ငါးဖမ်းလှေ ၅၀ လောက် ပျက်စီးသွားခဲ့တာကြောင့် ဒေသခံတွေဟာ နေအိမ်တွေကို ဦးစားပေးပြင်ဆင်နေရပြီး ပင်လယ်ထွက် ငါးဖမ်းလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေး​ဘဲ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ ရေလုပ်သားတွေက ပြောပါတယ်။

ငမန်းရိပ်ကျွန်း ဒေသခံရေလုပ်သားတဦးက "လက်ရှိမှာ နေအိမ်တွေကို ပြုပြင်ဖို့ ကြိုးစားနေကြဆဲပါ။ မိုးကလည်းကျတော့မယ်။ နေအိမ်တွေ မလုပ်နိုင်သေးဘူး။ အမိုးအကာအောက်ရောက်ဖို့ ကြိုးစားနေကြရတော့ ပင်လယ်ထွက်ပြီး ငါးမရှာနိုင်ကြသေးဘူး။ ဒါကြောင့် စားဝတ်နေရေးကတော့ အခက်အခဲတွေ့နေရတယ်။ တကျွန်းလုံးငါးဖမ်းလှေ ၄၀ ကျော် ၅၀ လောက်ပျက်စီးသွားတယ်။ ဒီလိုသာစစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမယ့် INGO အဖွဲ့တွေနဲ့ လူမှုရေးအဖွဲတွေပါ ကူညီထောက်ပံ့ရေးတွေ ပိတ်ထားမယ်ဆို သူခိုးဓားပြတွေ သောင်းကျန်းလာပြီး လက်လုပ်လက်စားတွေ အခက်အခဲ များစွာနဲ့တွေကြရမှာပါ"လို့ ပြောပါတယ်။

မုန်တိုင်းဒဏ်ခံရသူတွေကို စစ်ကောင်စီက အိမ်ထောင်စုတစ်စုကို ဆန် ၆ ပြည် ကျေးရွာတစ်ရွာကို တာလပတ်ကိုက် ၁၀၀ နဲ့ အိမ်မိုးသွပ် ၁၂  ချပ်ပေးကူညီပေးထားပါတယ်။   ရက္ခိုင်တပ်တော် (ULA/AA) ကလည်း ပျက်စီးသွားတဲ့နေအိမ်တွေအတွက် တအိမ်ကို ငွေကျပ် ၄၂၀၀၀ စီပေးထားပါတယ်။

မုန်တိုင်းအလွန် ငမန်းရဲကျွန်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပြီး ဆန်တတောင်းကို ကျပ်  ၃၀၀၀၀ အထိမြင့်လာ​နေ​လို့ လက်လုပ်လက်စားပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ရွာလူကြီးတဦးက  ပြောပါတယ်။

ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာ တည်ရှိတဲ့ကျွန်းဖြစ်လို့ မုန်တိုင်းဒဏ်ကို အမြဲခံနေရတာကြောင့် ကျွန်းရှိကျေးရွာတွေဖြစ်တဲ့  ငခူချောင်း၊ အလယ်ကျွန်း၊ သစ်ပုတ်၊ ဝကောက်ကြီး၊ ညောင်တော၊ မညှင်းပြင်၊ အတွင်းငခူချောင်း ၊ မြောက်ကြိမ်၊ အပြင်ငခူချောင်းစတဲ့ ကျေးရွာ ၁၃ ရွာရှိ  လူပေါင်း ၅၀၀၀ ကျော်ကို မုန်တိုင်းမတိုင်ခင်မှာ ရက္ခိုင်တပ်တော် ULA/AA ကဦးစီးပြီး မင်းပြားမြို့နယ် ရန်တိုင်ကျေးရွာအပါအဝင် ရေဘေးလွတ်ရာ ကျေးရွာတွေဆီ ပို့ဆောင်ပေးထားခဲ့တာပါ။

ငမန်းရဲကျွန်းမှာ ၁၉၆၇ ခုနှစ် မေလ ၁၀ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင်း ကျွန်းပေါ်ရှိ ကျေး ၈ ရွာလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး  လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့တယ်လို့ မုန်တိုင်းသတင်းမှတ်တမ်းအရ သိရပါတယ်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက "ကျနော်တို့ကတော့ INGO တွေရော၊ NGO အဖွဲ့တွေနဲ့ ကူညီမယ့် အဖွဲ့တွေကိုပိတ်ထားတဲ့ စစ်ကောင်စီကို လူသားချင်းစာနာမှုအရ ကူညီပေးခွင့်တွေ ခွင့်ပြုပေးစေချင်တယ်။ မိုးကြိုကာကဆိုတော့ ကျနော်တို့  ရခိုင်မျိုးနွယ်စု လူနည်းစုတွေ အတော်လေး ဒုက္ခရောက်ကြရမှာ။ အဲဒါကြောင့် ကူညီပေးမယ့် ပရဟိတသမားတွေနဲ့ INGO တွေကိုပါ သူတို့လှူဒါန်းချင်တဲ့နေရာတွေကို လွတ်လပ်စွာသွားလာခွင့်ပေးဖို့ တောင်းဆိုချင် ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ဒေသမှာ ဇွန်လ ၇ ရက်ကစလို့  ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့် ပိတ်ပင်တယ်လို့  ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအဝင် စစ်တွေရှိ အရပ်ဘက်အဖွဲ့အစည်းတချို့ထံ အမိန့်ထုတ်ပြန်ပြီး အကြောင်းကြားစာပေးပို့ထားတာ ဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်မှာတော့  ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်တွေအတွက် ကူညီကယ်ဆယ်ရေးလုပ်တဲ့ အစိုးရမဟုတ်တဲ့ NGO တွေအနေနဲ့  သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့တွေထံ အသိပေးအကြောင်းကြားပြီး လုပ်ငန်း ဆောင်ရွက်နိုင်ကြောင်း ပြောထားပေမဲ့ လက်တွေ့မှာ ခွင့်ပြုချက်မရဖြစ်နေတယ်လို့  ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013