DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် မုန်တိုင်းဘေးရှောင်ရန် ပြည်သူ ၇၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်း
DVB
·
May 10, 2023
ရခိုင်ပြည်နယ်တွင် မုန်တိုင်းဘေးရှောင်ရန် ပြည်သူ ၇၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်း
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေတဲ့အတွက် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဒေသခံ ၇၀၀ ကျော်ဟာ မေလ ၉ ရက်နေ့မှာ ဘေးလွတ်ရာနေရာတွေကို ကိုယ်အစီအစဉ်နဲ့ ရွှေ့ပြောင်းနေကြပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မုန်တိုင်းကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းလာကြတဲ့ ဒေသခံတွေထဲမှာ ပေါက်တောမြို့နယ် ငပြီတက်ကျွန်းရှိ ကျေးရွာ ၃ ရွာက ဒေသခံ ၄၀၀ ကျော်နဲ့ အနောက်ဖရုံကာကျွန်းရှိ သဲခုံကျေးရွာက ဒေသခံ ၂၀၀ ကျော်တို့ဟာ စစ်တွေမြို့၊ ပေါက်တောမြို့နဲ့ အနီးအနာရှိ ဘေးလွတ်နိုင်တဲ့ ကျေးရွာတွေကို ရွှေ့ပြောင်းလာကြပြီလို့ ငပြီတက်ကျွန်းရှိ ရွာမ ကျွေးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကျွန်းက ကျေးရွာ ၃ ရွာက ဒေသခံ ၄၀၀ ကျော်လောက်ဟာ စစ်တွေမြို့နဲ့ တခြား မုန်တိုင်းဒဏ်က လွတ်မြောက်နိုင်ခြေရှိတဲ့ ကြိမ်ခွေမော်ကျေးရွာနဲ့ တခြားနီးစပ်ရာ ကျေးရွာတွေကို ရွှေ့ပြောင်းသွားကြပါပြီ။ ရွာမှာတော့ ယောက်ျားတွေပဲ နည်းနည်းကျန်ခဲ့တော့တယ်။ သူတို့လည်း ရာသီဥတုပေါ် မူတည်ပြီး ဘေးလွတ်ရာကို သွားကြဖို့ရှိတယ်။” 

မုန်တိုင်းကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းလာကြတဲ့ လူဦးရေ ၃၀၀ နီးပါးကို ကျေးရွာအတွင်းက စားနပ်ရိက္ခာတွေ ထောက်ပံ့ထားပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံခွင့်ပေးထားတယ်လို့ ကြိမ်ခွေမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ပြောပါတယ်။

“ကျနော်ရွာမှာတော့ ငပြီတက်ကျွန်းက ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀ ကျော် မုန်တိုင်းကြောင့် ရွှေ့ပြောင်းလာကြတာ ရှိတယ်။ သူတို့ကိုတော့ ရွာက ရိက္ခာတွေ ထောက်ပံ့ထားကြတယ်။ လူဦးရေ နှစ်ရာကျော်လောက်ကတော့ ဘုန်းကြီးကျောင်း ခိုလှုံဖို့ စီစဉ်ထားတယ်။”

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အနီးမှာ တည်ရှိနေတဲ့ အနောက်ဖရုံကာကျွန်းက သဲခုံးကျေးရွာက ဒေသခံ ၂၀၀ ကျော်မှာလည်း စစ်တွေမြို့နဲ့ အနီးအနားရှိ ဘေးလွတ်ရာ ကျေးရွာတွေကို ရွှေ့ပြောင်းနေကြပြီဖြစ်တယ်လို့ သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှဦးက ပြောပါတယ်။

“အခုလောလောဆယ်တော့ မုန်တိုင်းရှိတယ်လို့ ကြားတာကြောင့် စစ်တွေမြို့နဲ့ တခြား အနီးအနားက ကျေးရွာတွေကို ရွာက လူဦးရေ ၂၀၀ ကျော်လောက် ရွှေ့ပြောင်းသွားကြပြီ။ ရွာမှာကျန်ခဲ့တဲ့ လူဦးရေ ထက်ဝက်လောက်လည်း ရာသီဥတုပေါ် မူတည်ပြီး ရွှေ့ပြောင်းဖို့ လုပ်ထားကြပြီး။ စက်လှေတွေ၊ ပိုက်တွေလည်း အကုန်သိမ်းဆည်းထားကြပြီ။”

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၉ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ဒီနေ့ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်မနက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၂ ရက်မနက်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဒီမနက် ခန့်မှန်းထားပြီး မေလ ၁၄ ရက်မှာ ကော့ဘဇားမြို့နဲ့ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ ခုမှာ ရှာဖွေရေး၊ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို အဆင့်သင့် ဖွဲ့စည်းထားသလို  စားနပ်ရိက္ခာနဲ့ သောက်သုံးရေတို့အတွက် မီးသတ်ကားတွေပေါ်မှာ အဆင့်သင့်ဖြည့်ဆည်းထားပြီး ဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး စစ်တွေ၊ ပေါက်တော၊ ​မာန်အောင်၊ တောင်ကုတ်၊ ဂွနဲ့ ကျောက်ဖြူမြို့တို့မှာ မုန်တိုင်းနာခိုဆောင် ၅၄ ဆောက်လုပ် ပြီးစီးထားပြီး ဖြစ်သလို ၆ ဆောင်မှာ ဆောက်လုပ်ဆဲဖြစ်ပြီး အိမ်ထောင်စု ၉၀၀၀ စာအတွက် ရိက္ခာပြင်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013