DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဖမ်းဆီးသွားသည့် မင်းတုန်းမြို့နယ် လက်ပွရွာသား ၁ဝ ဦး သတင်းပျောက်ဆုံးနေ
DVB
·
May 6, 2023
စစ်တပ်ဖမ်းဆီးသွားသည့် မင်းတုန်းမြို့နယ် လက်ပွရွာသား ၁ဝ ဦး သတင်းပျောက်ဆုံးနေ
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲက လက်ပွကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ပြီး အပြစ်မဲ့ရွာသား ၁ဝ ယောက်ကို ဖမ်းဆီးသွားကာ ဖမ်းဆီးခံရတဲ့သူတွေရဲ့ သတင်းအစအန လုံးဝလိုက်လို့မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၈ ရက်က စတင်ပြီး လက်ပွကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၅ဝ ခန့်ပါ စစ်ကြောင်းနဲ့ ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး စစ်ကြောင်းဝင်တဲ့အချိန်ကနေ စတင်ကာ ကျေးရွာကို အဝင်အထွက် လုံးဝခွင့်မပြုတော့ဘဲ လက်ပွကျေးရွာဒေသခံ အမျိုးသမီးတွေ အပါအဝင် ၁ဝ ဦးကို  ဖမ်းဆီးသွားခဲ့တာပါ။

ဒေသခံတဦးက “သူတို့ လာတပ်စွဲတဲ့ အချိန်ကတည်းက လက်ပွရွာက ဘယ်သူ့ကိုမှ ဆက်သွယ်မရတော့တာ။ ရွာနားတဝိုက်လည်း သူတို့စစ်သားတွေချည်းပဲ။ အနီးအနားက ရွာတွေကလည်း ဆွေမျိုးသားချင်းတွေပဲဆိုတော့ ဘယ်လိုများ နှိပ်စက်နေကြလဲဆိုပြီး စိတ်မကောင်း ဖြစ်ရတာပေါ့” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ လက်ပွကျေးရွာသားတွေကတော့ မခင်စု၊ မအေးလှိုင်၊ မကြည်မြိုင်၊ မမိညို၊ မသန်းသန်းစိုး၊ ကိုဇင်ကိုဦး၊ ကိုဝင်းဘို၊ ကိုသောကြာတို့ အပါအဝင် ၁ဝ ဦးဖြစ်ပြီး စစ်တပ်က ဘယ်နေရာကို ခေါ်သွားလဲဆိုတာကို ဒေသခံတွေလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ပွကျေးရွာကို စတင်ဝင်ရောက်စဥ်ကတည်းက တခြားကျေးရွာ၊ ဒေသတွေနဲ့ ဆက်သွယ်လို့မရအောင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားခဲ့ပြီး အခုဖမ်းခံရပြီး သတင်းပျောက်နေသူတွေအပြင် တခြား ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်ပြီး ကျေးရွာတွင်းကိုလည်း PDF နဲ့ပတ်သက်ပြီး သတင်းပေးဖို့နဲ့ ပျက်ကွက်ပါက တရွာလုံး အရေးယူခံရမယ်ဆိုတဲ့ ခံဝန်လက်မှတ်တွေကို အိမ်တိုင်းစေ့ ထိုးခိုင်းနေတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ရွာသားတွေကိစ္စစုံစမ်းနေသူတဦးက “အသက်ရှင်လျက် ပြန်အဆက်သွယ်ရဖို့ကိုပဲ မျှော်လင့်နေတာ။ နောက်ပြီး အဲ့ရွာရဲ့ အပြင်ဘက်တွေမှာက စိုက်ခင်းတွေရှိတယ်။ အဲ့ကိုလည်း ပေးမသွားဘူး။ PDF ထောက်ပံ့တယ်ဆိုပြီး လုပ်တာပါ။ ပြီးခဲ့တဲ့ ဝါဆိုလကလည်း တခါလာတယ်၊ ရိုက်နှက်နှိပ်စက်ပြီး ပြန်သွားတာ။ အဲ့တုန်းကလည်း လက်ပြန်ကြိုးတုပ်ပြီးတော့ကို ရိုက်တာ။ PDF ထောက်ပံ့ဦးမလား မေးမေးပြီးရိုက်တာ။ ကျနော်တို့က တရွာနဲ့တရွာ ညီနောင်သားချင်းတွေ ဖြစ်နေတော့ တခုခုလုပ်လိုက်မှာကို နာရီနဲ့အမျှ ဘုရားတနေရတယ်” လို့ ပြောပါတယ်။

လက်ပွကျေးရွာမှာ အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၂၈ ဦးကို စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ် ၁၅ နှစ်ကနေ ၂၆ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013