DVB Logo
Home
မြန်မာသတင်း
ကော့သောင်း စရဖရုံး တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ထားဝယ်မြို့ ကျေးရွာများတွင် ပျူစောထီးက ဆက်ကြေးကောက်နေ
DVB
·
May 4, 2023
ကော့သောင်း စရဖရုံး တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ထားဝယ်မြို့ ကျေးရွာများတွင် ပျူစောထီးက ဆက်ကြေးကောက်နေ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက် မနက် ၆ နာရီကျော်လောက်မှာ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရုဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ်-၁ တပ်ရင်းနဲ့ Flying Star (ဘုတ်ပြင်းပကဖ) ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဆိုပါ စရဖရုံးအတွင်းရှိ ပြည်သူ့စစ်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကို သတင်းပေးနေတဲ့ ကြွယ်သန်း ဆိုသူကို ပစ်ခတ်ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်းမှ တာဝန်ခံတဦးက “စကစဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပါတယ်။ ပြည်သူတွေရော နေအိမ်တွေပါ လက်နက်ကြီး ထိခိုက်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ဦးဌေးဝင်း (ခ) ညီငယ်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေရာ ဦးဌေးဝင်း (ခ) ညီငယ်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး သူ့နေအိမ်အတွင်းမှ ကိုးလုံးကျည် ခေါက်ချိုး ၁ လက်၊ ကိုးလုံးကျည် ၄ တောင့်၊ AK-47 ကျည် ၂၆ တောင့်၊ ကာဘိုင်ကျည် ၅ တောင့်၊ Network Two Way Radio လက်ကိုင်ဖုန်း ၁ လုံး၊ စစ်ကောင်စီ စစ်ယူနီဖောင်း ၁ စုံ၊ စစ်ကျောပိုးအိတ် ၁ လုံး၊ အီကွေးမန့် ၁ စုံ၊ စစ်ဖိနပ် ၁ ရံတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ကနေ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရှမ်းကိုးရွာဒေသမှာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး ရှင်းလင်းပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တောင်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ကျောက်ရပ်ကျေးရွာအုပ်စုက ကျောက်ရပ်ရွာ၊ ဝမော်ရွာ၊ ပေါက်တိုင်းရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက တအိမ် ၃,၀၀၀ ကျပ်နှုန်းနဲ့ ဆက်ကြေးကောက်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ပေါက်တိုင်းရွာသားတဦးက “အရင်လတုန်းက တအိမ်တယောက် အစည်းအဝေးခေါ်ပြီး ပိုက်ဆံတောင်းတယ်။ အခုလက ဆယ်အိမ်မှူးတွေ အိမ်အထိလာတောင်းတယ်။ သူတို့ပြောတာ ပြည်သူ့စစ်ထောက်ပံ့ကြေးတဲ့။ စားဖို့မရှိတဲ့အိမ်ကအစ ထည့်ရတယ်” လို့ ပြောပါတယ်။

ထားဝယ်ဒေသ နာမည်ကျော် ပျူစောထီးခေါင်းဆောင် ဦးအောင်စိန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က အခုလိုပြုလုပ်နေတာလို့ ရွာသားတွေက ပြောပါတယ်။

ဦးအောင်စိန်ဟာ ထားဝယ်မြို့ နေအိမ်မှာ ဗုံးပစ်ခံခဲ့ရပေမဲ့ မသေဘဲ နေအိမ်ကနေ တိမ်းရှောင်ပြီး ပျူစောထီးအင်အားကောင်းတဲ့ရွာတွေမှာ လာနေထိုင်ကာ အခုလို ဆက်ကြေးတောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက် မနက်ပိုင်းမှာ ဦးအောင်စိန်ရဲ့ တပည့်ဖြစ်သူ ကျောက်ရပ်ရွာသား ကိုပြည့်စုံအောင် ခေါ် ဝေလ ကျောက်ရပ်ဈေးမှာ သေနတ်နဲ့ပစ်ခံရပြီးနောက် ဦးအောင်စိန်က အခုလို ဆက်ကြေးကောက်မယ်လို့ ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ပျူစောထီးခေါင်းဆောင်က ရွာခံပျူစောထီးတွေကို ယမ်းထောင်း လက်လုပ်သေနတ် ၂ လက် ပေးခဲ့ပြီး ကျေးရွာအုပ်စုအတွင်း ဆိုင်ကယ်တစီး လူနှစ်ယောက် မစီးဖို့နဲ့ စီးတာတွေ့ပါက သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ကိုဝေလ ကို ထားဝယ်နဂါးပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဆိုပါဖြစ်စဉ်ဟာ ရွာသားတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ရပ်ကျေးရွာအုပ်စုဟာ ထားဝယ်မြို့တောင်ဘက်မှာ တည်ရှိပြီး မြိတ်-ထားဝယ် ကားလမ်းပေါ်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013