DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ စစ်အုပ်စုတွင်မရှိဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြော
DVB
·
May 4, 2023
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ စစ်အုပ်စုတွင်မရှိဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြော
Donate to DVB

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ရဲ့တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ စစ်အုပ်စုမှာရှိတာ မဟုတ်ဘဲ ပြည်သူ့အစိုးရမှာပဲ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက NUG  ဖွဲ့စည်းတဲ့၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ မေလ ၂ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး  ဒီခရီးစဉ်ဟာ တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်တာကို ပြသတယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး NUG အစိုးရအဖွဲ့၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက “အခု တခေါက်မှာတော့ အကြမ်းဖက် စစ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့တယ်။ နောက်ပြီး အရင်တုန်းက အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သွားရောက် တွေ့ဆုံခဲ့တာလည်း တွေ့တယ်။ ကျနော်တို့အနေနဲ့ကတော့ သုံးသပ်တာတော့ နည်းနည်းတော့ စောသေးတယ်။ အခုကတော့ ဘာပြောချင်လဲဆိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ရွက်ချင်စိတ် ရှိတယ်ဆိုတာ သူတို့ တစိုက်မတ်မတ် ပြောကြားခဲ့တယ်။ အဲ့အတွက်လည်း သူတို့က တည်ငြိမ် ဆောင်ရွက်ရေးအတွက် ကြိုးစားမယ် ဆိုတာလည်း သိရှိရပါတယ်။ အခုချိန်မှာ အချုပ်အခြာ အာဏာ လေးစားဖို့ဆိုတာလည်း ပြောတယ်”လို့ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာက စစ်ကောင်စီမှာ မရှိပါဘူးလို့လည်း အန်ယူဂျီတာဝန်ရှိသူက ပြောပါတယ်။ 

“စစ်ကောင်စီက အာဏာကို ဥပဒေမဲ့ လုရပ်ဖို့အတွက် ကြိုးစားတဲ့ အကြမ်းဖက် ရာဇဝတ်သမားတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာက ပြည်သူ့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ အဲဒါလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် အားလုံးလည်း နိုင်ငံတကာလည်း လက်ခံထားပြီးသားဖြစ်ပါတယ်။ အဲ့တော့ ပြည်သူ့လက်ထဲမှာရှိရမယ့် အာဏာ နိုင်ငံတော်ရဲ့ အာဏာကို ပြည်သူရဲ့ တရားဝင်အစိုးရကသာ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”လို့ NUG အစိုးရအဖွဲ့၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။ 

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု ရှိသလို အခုလို တော်လှန်ရေးကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရက သက်ဆိုင်ရာ Stakeholder တိုင်းရင်းသားအုပ်စုတွေ အပါအဝင်၊ အန်ယူဂျီနဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာပြည်အရေးကို ကူညီပေးတာ ပိုပြီး ထိရောက်မယ်လို့ ပြောပါတယ်။

တရုတ်အနေနဲ့ NUG အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ စဉ်းစားနေဆဲ အနေအထား ဖြစ်နိုင်ပြီး ဒီမတိုင်ခင် နိုင်ငံရေးပါတီတွေ မဖျက်သိမ်းခင်က NLD ပါတီနဲ့ တွေ့ဆုံတာမျိုး အစည်းအဝေးတွေ ဖိတ်ကြားတာမျိုးတွေ ရှိခဲ့ပါတယ်။ တရုတ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ ကူညီဆောင်ရွက်တယ် မြင်ကြောင်း  နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“အခု နိုင်ငံခြားရေးဝန်ကြီးက အသစ်ဖြစ်တယ်။ အခြားအဘက်မှာဆိုလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်မှာ ရုံးဖွင့်တယ်။ အဲဒီရုံးဖွင့်ပွဲကို အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး တက်ပြီးတော့ အားပေးသွားတယ်။ သူ့နိုင်ငံမှာလည်း NDAA ဥပဒေထဲမှာ NUG ရော၊ PDF တွေရော၊ EAOs တွေရော လက်နက် မဟုတ်တဲ့ အကူအညီပေးဖို့ ဥပဒေပြဋ္ဌာန်းသွားတာ ရှိတယ်။ အဲဒီနောက်ပိုင်းမှာ တရုတ်ဘက်က ပွင့်ပွင့်လင်းလင်း နကစကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာတွေ့လိုက်တယ်။”

“ဒီမတိုင်ခင်မှာ တရုတ်ဘက်က ပြောထားတာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို ပြေလည်ဖို့ ဆိုတာမှာ အခြားနိုင်ငံတွေထက် ပိုပြီး စိတ်ဝင်စားပါတယ်ဆိုတာ နိုလင်းဟေဇာကို ပြောထားတာ ရှိတယ်။ သူတို့ရဲ့ သဘောထားထဲမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဆိုတာကို ပြောပေမယ့် အခြေခံဥပဒေနဲ့အညီ ပြဿနာတွေကို ဖြေရှင်းရမယ် ပြောထားတာ ရှိတယ်။ အဲဒီ ပြောတဲ့ ထောက်ပြချက်ကတော့ ဟိုတနေ့က NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦး ပြောတာနဲ့ ကွဲနေတယ်ပေါ့။ ဦးမိုးဇော်ဦးက ၂၀၀၈ အခြေခံ ဥပဒေကို မဆိုလိုဘဲ မြန်မာနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဘက်ကနေ နေတဲ့ အဖွဲ့အစည်းကပါ သဘောတူလက်ခံတဲ့ အခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီးမှ ဆောင်ရွက်တာမျိုး ဖြစ်သင့်တယ်။ အဲ့လို သဘောထား ကွဲလွဲမှုတော့ ရှိတယ်။ အဓိက တရုတ်ကတော့ အာဆီယံရဲ့ ၅ Five-Point Consensus ကို တွန်းအားပေးဖို့ ကူညီဆောင်ရွက်တယ် လို့ပဲ ကျနော် ယူဆတယ်"လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က ဒီဗွီဘီကို ပြောပါတယ်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာ စစ်ကောင်စီက ကဆုန်လပြည့်နေ့ကို အကြောင်းပြီး ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးထားသူ ၂၁၅၃ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။ 

အဲဒီထဲမှာ လွတ်ရက်စေ့ခါနီး ရက်ပိုင်းပဲလိုတော့တဲ့ အကျဉ်းသားတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက သေဒဏ်ကျခံနေရတဲ့ သူ ၃၈ ယောက်ကိုလည်း ထောင်တသက်အဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟောင်း ဉီးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ သူဟာ မြန်မာပြည်ကို မလာခင် မေလ ၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုရင်းဟေဇာနဲ့ ဘေဂျင်းမှာ တွေ့ဆုံပြီး မြန်မာ့အရေးအတွက် ဆွေးနွေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013