DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း PDF တပ်ရင်းနှင့် စစ်ကြောင်း ၃၀၀ ကျော် တည်ထောင်ထားဟု NUG ပြော
DVB
·
May 3, 2023
၂ နှစ်အတွင်း PDF တပ်ရင်းနှင့် စစ်ကြောင်း ၃၀၀ ကျော် တည်ထောင်ထားဟု NUG ပြော
Donate to DVB

အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

မေ ၃ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း” အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ဒါဟာ လူအင်အား (Man Power) အရ တိုက်ခိုက်ရေးအင်အားဟာ ရန်သူ့ထက် “သာလွန် အင်အား” ဖြစ်အောင် စုဖွဲ့တည်ဆောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မှတ်တမ်းတွေအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက စတင်ဖွဲ့စည်းပြီး လက်ရှိအချိန်အထိ NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ၁၇၁ မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း ၁၀ ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးရုံးတွေနဲ့အတူ ပြည်သူလူထုဘဝလုံခြုံစေဖို့ ရည်ရွယ်ပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့ ကိုလည်း ၂၀၂၂ ဇွန် ၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ကြားကာလအုပ်ချုပ်ရေး နယ်မြေဒေသ တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၉၆ ယောက်နဲ့ အခြေခံရဲသင်တန်းပို့ချတာ၊ ရဲမှုခင်း စစ်ဆေးတာ၊ စစ်ကောင်စီသတင်းတွေ စုဆောင်းပြီး အကြမ်းဖက်နှိမ်နှင်းမှု လုပ်ငန်းစဉ် တွေ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အဆိုပါနယ်မြေတွေမှာ အခွန်စနစ်ကိုလည်း စတင်ကျင့်သုံးနေပြီး ဒီကနေ့အချိန်အထိ အခွန်နဲ့ ဒဏ်ကြေးအတွက် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် ကောက်ခံရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြားကာလနဲ့ အသွင်ကူး ပြောင်းရေးကာလတွေမှာ ပြည်သူများကို ကာကွယ် စောင့်ရှောက်မှုပေးနိုင်ဖို့နဲ့ တရားဥပဒေ စိုးမိုးစေဖို့ ရည်ရွယ်ကာ တရားရေးရာဝန်ကြီးဌာန ကိုလည်း ၂၀၂၁ ဇွန် ၅ ရက်က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ဥပဒေ အရာရှိတွေ၊ တရားသူကြီးတွေ၊ ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းခဲ့ပြီးတော့ မြို့နယ်တရားရုံး ၂၅ ရုံးမှာ တရားသူကြီး ၁၁၈ ယောက် ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာတွေ စတင်ကျင့်သုံးဆောင်ရွက်ပြီးတော့ ရာဇဝတ်မှုနဲ့ တရားမမှုတွေကို ဖြေရှင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက်လည်း ငွေကျပ် ၆ ဒသမ ၆ ဘီလီယံလောက် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ မီလီယံ) လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ခဲ့ကြောင်းနဲ့ တလကို ပျမ်းမျှစစ်ဘေးရှောင် ပြည်သူ ၂ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တစိုက်မတ်မတ် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ ပါဝင်ခဲ့ကြတဲ့ CDM ပြည်သူ့သားကောင်းတွေကို ပံ့ပိုး ကူညီပေးနိုင်ရေးအတွက်လည်း ၂၀၂၁ ဧပြီ ၂၇ ရက်မှာ CDM Success Committee ကို ဖွဲ့စည်းခဲ့ကာ ကော်မတီနဲ့ ချိတ်ဆက်ထားတဲ့ CDM နိုင်ငံ့သူရဲကောင်း ၂၁၀,၆၃၉ ထဲက ၂၀ ရာခိုင်နှုန်းလောက်ရဲ့ အရေးပေါ်လိုအပ်ချက်တွေအတွက်  မြန်မာကျပ်ငွေသန်း ၄,၀၀၀ လောက် ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက် ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013