
ဘိုလီးဗီးယားအာဏာပိုင်တွေဟာ "လော့စ်ပူးလ်ပို့စ်" (ရေဘဝဲ) ဒုစရိုက်ဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ယူဆရသူ "ဂျွန်ပူးလ်ပို"လို့ အမည်ဝှက်ရထားတဲ့ ဂျွန်ဆွန် စမစ်သ်ကရူးဇ်တောရက်စ်ကို စက်တင်ဘာ ၁ ရက်က ဖမ်းဆီးရမိခဲ့ပြီး ပီရူးနိုင်ငံဆီ ပြန်ပို့တော့မယ်လို့ ထုတ်ပြန်ပါတယ်။
အသက် ၃၀ အရွယ် ကရူးဇ်တောရက်စ်နဲ့ အပေါင်းပါ အသက် ၂၃ နှစ်အရွယ် ဂါဘရီယဲလ် အာလေဟန်းဒရိုး မန်ဒိုစီယာ ဂိုးမက်ဇ်တို့ကို ဘိုလီးဗီးယား နယ်မြေအတွင်း တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တာလို့ ဘိုလီးဗီးယား ရဲတပ်ဖွဲ့ရဲ့ ရဲချုပ် အာဒရီယန် ဟာဗီယာ အာလ်ဗာရက်ဇ် အာရီးစ်မန်းဒီက ပြောပါတယ်။
ပီရူးအခြေစိုက် အဲဒီဂိုဏ်းဟာ ပြန်ပေးဆွဲမှု၊ ဆက်ကြေးတောင်းမှုနဲ့ ကြေးစားလူသတ်မှုတွေ ကျူးလွန်ထားတယ်လို့ အာလ်ဗာရက်ဇ် အာရီးစ်မန်းဒီ က ပြောပါတယ်။
ပီရူးနိုင်ငံ၊ လာ လီဘာတဒ်ဒေသရဲ့ မြို့တော် တရူဟီးလ်ယိုမှာ "လော့စ်ပူးလ်ပို့စ်" ဂိုဏ်းဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ကုန်သည်တွေဆီကနေ နှစ်ရှည်လများ ဆက်ကြေး တောင်းခံမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ။
ဒါ့အပြင် ဩဂုတ် ၃၀ ရက် မနက်ပိုင်းက တရူဟီးလ်ယိုမြို့မှာ ပီရူး အထူးဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့အဖြစ် ဟန်ဆောင်ထားတဲ့ တိုက်ခိုက်သူတွေက လူ ၄ ယောက်ကို သတ်ဖြတ်ပြီး သတ္တုတွင်း လုပ်ငန်းရှင် တယောက်ကို ပြန်ပေးဆွဲသွားခဲ့တဲ့ ဖြစ်စဉ်နဲ့လည်း ဒီသံသယရှိသူတွေ ပတ်သက် နေတယ်လို့ ပီရူးအာဏာပိုင်တွေက ယူဆထားပါတယ်။
Source:Reuters











