DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
May 2, 2023
ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၁ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ မေလ ၂ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ ပြည်မြို့ နာရေးကူညီမှုအသင်းကနေ  သိရပါတယ်။

သေဆုံးသွားသူဟာ အသက် ၆၇ နှစ်အရွယ် ဒေါ်ဆန်းနွဲ့ဖြစ်ပြီး ဧရာဝတီတိုင်း မြန်အောင်မြို့ကလာရောက် ဆေးရုံတက်နေရာကနေ  မနေ့ မေလ ၁ ရက်မှာ ဆုံးပါးသွားတာလို့  နာရေးကူညီမှုအသင်း အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ဆေးရုံက တာဝန်ရှိသူကိုယ်တိုင်က ကိုဗစ်လို့ အတည်ပြုပေးတာ။ ဒါကြောင့်လည်း PPE ဝတ်စုံနဲ့ ဒီနေ့ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ISO-1(ICU)ကနေ သွားယူပြီး အေးငြိမ်းရာသုသာန်မှာပဲ သင်္ဂြိုဟ်လိုက်တာ။” 

၂၀၂၂ ခုနှစ် မေလနဲ့ ဇွန်လတွေမှာ ဖြစ်ပြီးကတည်းက ကိုဗစ်-၁၉ ရောဂါ ပြည်မြို့မှာ မဖြစ်တာ လအတန်ကြာ ရှိနေပြီဖြစ်ပြီး  အခု တကျော့ပြန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြည်မြို့ ရွာဘဲရပ်ကွက်နေသူတယောက်က “ရပ်ကွက်တွေထဲမှာလည်း တော်တော်လေး ဖြစ်နေကြတာ။ ကိုယ်တွေအိမ်ဆို တအိမ်လုံးနီးပါး ဖြစ်နေတာ။ ရာသီဥတုကလည်း ပြင်းတော့ အိမ်ပြင်မထွက်တော့ဘူး။ ကိုယ့်ဟာကိုယ် အောက်စီဂျင်မကျအောင် စက်ကလေးဝယ်ထားပြီး အားရှိအောင်၊ အစာဝင်အောင် စားပြီး သတိထားနေနေရတယ်။ တခြားနေရာတွေမှာလည်း ကြားနေရတယ်။ အဓိက က အသက်ကြီးသူတွေပဲ၊ သတိထားနေရတာ” လို့ ပြောပါတယ်။

အခုပြန်လည်ဖြစ်ပေါ်လာတဲ့ ကိုဗစ်-၁၉ ရောဂါက အိုမီခရွန်ရဲ့ မျိုးကွဲ XBB.1.1.16 Nickname : Arcturus ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က အိန္ဒိယမှာ စတွေ့ခဲ့ကာ အိန္ဒိယနိုင်ငံမှာ တရက်ကို လူနာအသစ် ၁၀,၀၀၀ ကျော်ရှိပါပြီ။

ဒီရောဂါဖြစ်ပွားမှုကို နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ တွေ့နေရကာ လက္ခဏာက ဖျားတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်တတ်ပြီး အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေက ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးထားသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013