DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာတိုးမြှင့်ရေးနှင့် အဓမ္မစေခိုင်းမှုပပျောက်ရေးအပါအဝင် အလုပ်သမားအခွင့်အရေးများ မေ ဒေးနေ့တွင်တောင်းဆို
DVB
·
May 2, 2023
လုပ်ခလစာတိုးမြှင့်ရေးနှင့် အဓမ္မစေခိုင်းမှုပပျောက်ရေးအပါအဝင် အလုပ်သမားအခွင့်အရေးများ မေ ဒေးနေ့တွင်တောင်းဆို
Donate to DVB

မေလ ၁ ရက် ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) မှာ အနည်းဆုံးလုပ်အားခ အခကြေးငွေတိုးမြှင့်ပေးဖို့နဲ့ အဓမ္မစေခိုင်းတာတွေမလုပ်ဖို့  မြန်မာ အလုပ်သမားအဖွဲ့တွေက  ဦးစားပေး တောင်းဆိုလိုက်ပါတယ်။

အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ အလုပ်သမားသမဂ္ဂတွေက ဒီနေ့မှာ ကြေညာချက်အ သီးသီးထုတ်ပြန်ပြီး မြန်မာအလုပ်သမားထုရဲ့ ဆန္ဒကို ထုတ်ဖော်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အနည်းဆုံးလုပ်အားခ တစ်ရက် ကျပ် ၁၀၀၀၀ ပေးဖို့၊ ကောင်းမွန် ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့၊ အလုပ်သမားရေးရာလုပ်ငန်းညှိနိုင်းရေးကော်မတီ (WCC) ကို အလုပ်သမားထုကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့လည်း အလုပ်သမားတွေက တောင်းဆိုပါတယ်။

အခြေခံအလုပ်သမားအဖွဲ့အစည်းတွေက နေ့စဥ် စားသောက်ကုန်စျေးနူန်းနဲ့ ကိုက်ညီမယ့် လုပ်အားခကို တိုးမြှင့်ပေးဖို့၊ လုပ်ငန်းရှင်တွေအနေနဲ့ အကျိုးမြတ်တစ်ခုတည်းကိုသာ ကြည့်မနေဘဲ နှစ်ဘက်အကျိုးရှိမယ့် လုပ်အားခတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာဖို့၊ အလုပ်လက်မဲ့တိုးမြင့်လာမှုကြောင့် အလုံးအရင်းနဲ့ ရွှေ့ပြောင်းသွားလာသူတွေကို လူကုန်ကူးမှု၊ ခေါင်းပုံဖြတ်ခံရမှ၊ လိင်အကြမ်းဖက်ခံရမှုတွေကို  ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်(MICS-TUsF)ကတော့ အလုပ်သမားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အလုပ်သမားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားစံနှုန်း ချိုးဖောက်မှုအားလုံးကို ပြည်တွင်း/ပြည်ပအ ဖွဲ့အစည်းအားလုံးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

MICS-TUsFမှတာ ဝန်ရှိသူတစ်ဦးက “နိုင်ငံတကာကဘယ်လို အရေးယူပေးနိုင်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေတယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM) ကတော့ ကမ္ဘာအရပ်ရပ်က အလုပ်သမားတွေ လွန်န်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်ကတည်းက တိုက်ပွဲဝင်ခဲ့ရတဲ့ လူမဆန်တဲ့လုပ်ငန်းခွင်၊ များပြားလှတဲ့အလုပ်ချိန်၊ နည်းပါးလှတဲ့လုပ်အားခစတဲ့ အလုပ်သမားအခွင့် အရေးဆုံးရှုံးမှုတွေကို မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သူတို့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေကို  အလုပ်သမားထုအကြားသွေးစည်းညီညွတ်မှု တည်ဆောက်ကာ အလုပ်ရှင်တွေရဲ့ဖိနှိပ်မှု၊ သွေးစုပ်အမြတ်ထုတ်မှုတွေကို ဆန့်ကျင်တော်လှန်ကြဖို့ FGWMက တိုက်တွန်းထားပါတယ်။

နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့် ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ရရှိရေးအတွက် ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံကြားက တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုကြောင်း CTUM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးချိုးဖောက်မှုတွေအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အရေးယူနိုင်စေဖို့ အစဥ်တစိုက်ကြိုးပမ်းနေတယ်လို့ CTUMက အသိပေးထားတာဖြစ်ပါတယ်။

အလားတူနောက်ထပ်အလုပ်သမားအဖွဲ့တွေကလည်း ဒီနေ့မှာ ကြေညာချက်တွေ ဆက်လက်ထုတ်ပြန်နေပြီး သူတို့ရဲ့သဘောထားကို အလုပ်သမားထုကို အသိပေးမှုတွေ ဆက်လုပ်နေပါတယ်။

စစ်အာဏာမသိမ်းခင်က အလုပ်သမားအဖွဲ့တွေဟာ မေဒေးနေ့အခမ်းအနားတွေ လွတ်လပ်စွာ ကျင်းပပြုလုပ်ပြီး အလုပ်သမားထုကိုယ်စား အစိုးရကို ဆန္ဒပြတောင်းဆိုမှုတွေလုပ်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် အဲဒီအစီအစဉ်တွေကို လုပ်ခွင့်မရတော့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှာ  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ   ဆိုးဆိုးရွားရွားဖြစ်နေသလို အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေလည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။

CTUMရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် အခုအချိန်အထိ အလုပ်သမားအ လုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၁၀၈  ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ အလုပ်သမားသမဂ္ဂဝင် ၄၀ နီးပါးဟာလည်း  နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဖိအားတွေကြောင့် ကွယ်လွန်သွားခဲ့ကြပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013