DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေကြောင်း စစ်ခေါင်းဆောင် ပြောဆိုချက် အလိမ်အညာ ဟု NUG တုံ့ပြန်
DVB
·
May 1, 2023
အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေကြောင်း စစ်ခေါင်းဆောင် ပြောဆိုချက် အလိမ်အညာ ဟု NUG တုံ့ပြန်
Donate to DVB

စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင်ကြိုးစားနေပြီး အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေကို အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်ပြီး မြေပြင်မှာ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးကျပ်တည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက တုံ့ပြန်ပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင် ကြိုးစားနေကြောင်းနဲ့ အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေ အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ ဒီကနေ့ မေ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာပါ။

“စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကြိုးပမ်းနေတယ်၊ ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်းတွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ဆောင်ရွက်ခွင့်ပေးနေတယ်၊ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပေးနေတယ်” လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

နိုင်ငံတကာအမြင်မှာ ပြည်တွင်းရေးကို ထိန်းသိမ်းနိုင်သယောင် စစ်ခေါင်းဆောင်က ပြောဆိုနေတာသာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အလက်လက်မဲ့ ၁ သန်းကျော်အထိ ရှိနေတာပါ။

NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက "အားလုံအလိမ်အညာတွေချည်းပဲလို့ပဲ ပြောရမှာပေါ့။ အားလုံးသိပြီးသားပဲ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ကနေ စီးပွားရေးလုပ်ငန်းတွေ အများကြီးစွန့်ခွာထွက်သွားကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် စွန့်ခွာသွားကြတယ်။ ပြည်တွင်းမှာရှိနေတဲ့ အသေးစား အလတ်စား အငယ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း မင်းအောင်လှိုင်က အာဏာသိမ်းဖို့ကြိုးစားပြီးတော့ လူထုကိုဖိနှိပ်မှုမှာ လုပ်ငန်းရှင်တွေအများအပြား လုပ်ငန်းတွေ စွန့်ပစ်ပိတ်သိမ်းပြီးတော့ သူတို့ကိုယ်တိုင်ပါ ဝရမ်းတွေထုတ်ခံရပြီးတော့ တိမ်းရှောင်ရတယ်၊ ထောင်တွေထဲကိုရောက်တယ်၊ သတ်ဖြတ်ခံရတယ်၊ ဒီလိုမျိုးတွေက အများကြီးကြုံနေရတာပါ။ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း ဘာမှမရှိပါဘူး။ ပိုပြီးတော့တောင် ယုတ်လျော့သွားတယ်လို့ ပြောလို့ရပါတယ်။ သန်းဂဏန် ၁ သန်းကျော်လောက် အလုပ်လက်မဲ့ ဖြစ်နေပြီဆိုတာ ILO ရဲ့ အချက်အလက်တွေအရ ပေါ်လွင်နေတာပဲ။ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေထဲမှာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုက တော်တော်ဆိုးဆိုးရွားကို ဖြစ်နေတာ။ ဦးသန်းရွှေ စစ်အာဏာလက်ထက်က ချိုးဖောက်မှုမျိုးပဲ ပြန်ဖြစ်တာပဲ။ လူမှုဖူလုံရေးဆေးခန်းသွားလို့ ပါရာစီတမောကလွဲလို့ ဘာမှမရှိဘူး ဆိုတာမျိုးတွေပေါ့နော်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ကိုဗစ်ကာလကတည်းက အခြေခံလုပ်သားတွေ၊ စက်ရုံအလုပ်ရုံတွေဟာ ပုံမှန်မလည်ပတ်ချိန်မှာ အခြေခံပြည်သူတွေစားဝတ်နေရေးကျပ်တည်းနေတာကို မထောက်ထားဘဲ စစ်ခေါင်းဆောင်က ထပ်မံ အာဏာသိမ်းလိုက်လို့ အခြေအနေက ပိုမိုဆိုးရွားလာနေတာပါ။

ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို အလုပ်သမားတပ်ဦးက ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အစောဆုံးစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အလုပ်သမားခေါင်းဆောင်တွေဟာ အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြပါတယ်။ တပ်ဦးကမပါနိုင်တဲ့ အလုပ်သမားထုဟာလည်း သူတို့ရဲ့ချွေးနှဲစာနဲ့ နောက်တန်းကနေ အများအပြား ထောက်ပံ့ကူညီတာတွေရှိနေတယ်လို့ NUG တာဝန်ရှိသူတွေကပြောပါတယ်။ 

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်ကလည်း “မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး အခြေအနေတခု ဖြစ်တဲ့အခုအချိန်မှာ အလုပ်သမားတွေအတွက် အဆိုးရွားဆုံးအချိန်ပေါ့နော်။ မတရားခိုင်းတာခံရမယ်၊ အခွင့်အရေးတွေ ချိုးဖောက်ခံရမယ်၊ လခတွေမပေးတဲ့ဟာတွေလည်း ရှိနေတယ်၊ တချို့စီးပွားရေးလုပ်ငန်းရှင်တွေက အခွင့်ကောင်းယူပြီးတော့ ခေါင်းပုံဖြတ် အမြတ်ကြီး စားနေတာတွေ အများကြီးတွေ့နေရတယ်။ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေက အလုပ်သမားတွေဘက်က ရပ်တည်ရမယ့်အစား ကုပ်သွေးစုပ်နေတဲ့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ရပ်တည်ဆောင်ရွက်နေတဲ့သဘောတွေ တွေ့ရတယ်။ တိုက်တွန်းပြောကြားချင်တာကတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ မရှိမှဖြစ်မယ်။ လူထုတရပ်လုံး တညီတညွတ်တည်း ခွန်အားပိုသုံးပြီးတော့ ခုခံတော်လှန်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင်တိုက်ဖျက်ကြပါစို့လို့ မေဒေးနေ့မှာ ပြောချင်ပါတယ်ခင်ဗျ။”

လက်ရှိ မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ အလုပ်သမားအဖွဲ့ (သမ္ဂအဖွဲ့ချုပ်) ပေါင်း ၁၈ ဖွဲ့ထဲက ၁၅ ဖွဲ့ဟာ တပ်ပေါင်းစု အဖြစ်ဖွဲ့စည်းထားပြီး NUG အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်တွေအတွက် ဆောင်ရွက်ပေးနေတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ  အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ   ဆိုးဆိုးရွားရွားဖြစ်နေသလို အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ ရာနဲ့ချီပြီး ဖမ်းဆီးထောင်ချခံထားရပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့တွေကတော့ အနိမ့်ဆုံးလုပ်ခလစာ တိုးပေးဖို့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ ဖမ်းဆီးခံ အလုပ်သမား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အလုပ်သမားအခွင့်အရေး အချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ မေဒေးနေ့မှာ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013